လူသတ်မှုကို အလောင်းဖျောက်ဖို့ ကြိုးစားရာမှ လူ ၇၆ ဦး သေဆုံးခဲ့ရတဲ့ အဆောက်အအုံ မီးရှို့မှု ကျူးလွန်ခဲ့မိဟု တောင်အာဖရိက အမျိုးသား ဝန်ခံ

0
168

ပြီးခဲ့တဲ့နှစ်က တောင်အာဖရိကနိုင်ငံမှာ လူအသေအပျောက်များခဲ့တဲ့ အဆောက်အအုံမီးလောင်မှုဟာ သူ စမီးရှို့ခဲ့တာကြောင့် ဖြစ်တယ်လို့ အမျိုးသားတစ်ဦးက စစ်ဆေးမေးမြန်းမှုအတွင်း ဝန်ခံလိုက်ပြီးနောက် အင်္ဂါနေ့မှာ သူ့ကို ဖမ်းဆီးလိုက်ပြီး လူသတ်မှုပေါင်း ၇၆ မှုနဲ့ ရင်ဆိုင်ရတော့မယ်လို့ သိရပါတယ်။ တိုက်ခန်းတစ်ခုအတွင်းရှိ သူ လည်ပင်းညှစ်သတ်ခဲ့သူတစ်ဦးရဲ့ အလောင်းကို ဖျောက်ဖျက်ပစ်ဖို့ မူးယစ်ဆေးဝါး ရောင်းပေးသူက အမိန့်ပေးခဲ့မှုအရ ဒီမီးရှို့မှုဖြစ်ခဲ့ရတာလို့ သူက ထွက်ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ဂျိုဟန်နာစဘတ်မြို့မှာ ညပိုင်းအချိန် ယင်းမီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ရာမှာ အဆိုပါ အမျိုးသားရဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ဝန်ခံ ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ လူ ၇၆ ဦးအထိ သေဆုံးခဲ့ရတဲ့ ယင်း မီးလောင်မှုဟာ တောင်အာဖရိကရဲ့ အဆိုးဝါးဆုံးကပ်ဘေးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

အမည်ဖော်ထုတ်ထားခြင်းမရှိတဲ့ အသက် ၂၉ နှစ်အရွယ် ယင်းအမျိုးသားဟာ အခင်းဖြစ်ညက အဆောက်အအုံအောက်ထပ်မှာ အခြားအမျိုးသားတစ်ဦးကို ရိုက်နှက်ကာ လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း တောင်အာဖရိကမီဒီယာတွေက သတင်းဖော်ပြပါတယ်။ ယင်းနောက် သူဟာ အမျိုးသားရဲ့ အလောင်းပေါ် ဓါတ်ဆီတွေလောင်းက မီးခြစ်နဲ့ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ မူးယစ်ဆေးသုံးနေသူတစ်ဦးဖြစ်ကြောင်းနဲ့ အခင်းဖြစ်အဆောက်အအုံမှာပဲ နေထိုင်တဲ့ တန်ဇန်နီးယားလူမျိုး မူးယစ်ဆေးရောင်းပေးသူတစ်ဦးက အဆိုပါ အမျိုးသားကို သတ်ခိုင်းခဲ့တာဖြစ်တယ်လို့လည်း သူက ထွက်ဆိုခဲ့ပါတယ်။

သူ့ရဲ့ ထွက်ဆိုချက်အပြီး နာရီပိုင်းအကြာမှာပဲ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ သူ့အနေနဲ့ လူသတ်ရန် ကြိုးစားမှုစွဲချက်ပေါင်း ၁၂၀ အပြင် မီးရှို့မှုနဲ့လည်း အရေးယူခံရမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ သူ့ကို မကြာခင် ဂျိုဟန်နာစဘတ်ရှိ တရားရုံးမှာ ရုံးထုတ်သွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပေမယ့် နေ့ရက်အတိအကျကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

စစ်ဆေးမေးမြန်းမှုအတွင်း သူ ထွက်ဆိုရတာဟာ အမှုအခင်းလုပ်ငန်းစဉ်အရမဟုတ်တာကြောင့် သူ့ရဲ့ ဝန်ခံချက်ထွက်လာချိန်မှာ လုံး၀ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် လူများစွာ သေဆုံးမှုဖြစ်စေခဲ့သလားဆိုတဲ့အပေါ် စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ပြီး သူဟာလည်း အဆောက်အအုံမှာ နေထိုင်သူတစ်ဦးဖြစ်တာကြောင့် ပါဝင် ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here