တူရကီ ပါလီမန်က ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် ထောက်ခံအတည်ပြု

0
151

ယခင်က ဘက်မလိုက်နိုင်ငံရဲ့ စစ်ရေးမဟာမိတ်အဖွဲ့အတွင်း ဝင်ရောက်ခွင့်အပေါ် အဓိက အတားအဆီးတစ်ခုကို ဖယ်ရှားလိုက်ပြီးနောက် တူရကီလွှတ်တော်ဟာ ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ရောက်မှုကို အင်္ဂါနေ့မှာ ထောက်ခံအတည်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

တူရကီရှိ ကာ့ဒ်ခွဲထွက်ရေး စစ်သွေးကြွတွေနဲ့ ပတ်သက်ပြီး ဆွှီဒင်ရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်ဟာ ထောက်ခံမှုရရှိခဲ့ခြင်းမှာ အဓိက သော့ချက်ဖြစ်တယ်လို့ အာဏာရပါတီ အမတ်တွေက ပြောဆိုခဲ့ပြီးအဖွဲ့ဝင်အဖြစ်ကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။

သမ္မတ ရီဆက်တေယစ် အာဒိုဂန်ကလည်း တူရကီရဲ့ အမေရိကန်ဆီက တိုက်လေယာဉ်တွေ ဝယ်ယူလိုမှုဆန္ဒနဲ့ အဖွဲ့ဝင်အဖြစ် အတည်ပြုပေးမှုကို ချိတ်ဆက်ပြောဆိုထားခဲ့ပါတယ်။  တရားဝင်ပြန်တမ်းမှာ ထုတ်ပြန်ပြီးပမှအတည်ပြုချက် အသက်ဝင်မှာဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံအား အဖွဲ့ဝင်ဖြစ်ရေးကို အတည်မပြုသေးတဲ့ တစ်ခုတည်းသော နေတိုးအဖွဲ့ဝင်နိုင်ငံကဟန်ဂေရီသာလျှင်ဖြစ်ပါ​တော့တယ်။

“ဒီနေ့မှာတော့ နေတိုးရဲ့ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာဖို့ ခြေတစ်လှမ်းပိုနီးသွားပါပြီ” လို့ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က ကြိုဆိုလိုက်ပြီး မဟာမိတ်အဖွဲ့သို့ ဆွီဒင်နိုင်ငံ ပါဝင်လာခြင်းဟာ အဖွဲ့ကို ပိုမိုလုံခြုံ အားကောင်းစေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အန်ကာရာက လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ယူဆတဲ့ အုပ်စုတွေအပေါ် ဆွီဒင်က သက်ညှာလွန်းတယ်လို့ စွပ်စွဲကာ ဆွီဒင်အဖွဲ့ဝင်နိုင်ငံဖြစ်လာရေးကို နေတိုးအဖွဲ့ဝင် တူရကီက တစ်နှစ်ကျော် ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ စစ်သွေးကြွတွေကို တန်ပြန်ဖို့ လုပ်ဆောင်ချက်များအပါအဝင် စတော့ဟုမ်းထံက လိုက်လျောမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆွီဒင်နိုင်ငံမှာ ကာဒစ်စတန် အလုပ်သမားပါတီ PKK ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့မှုအပြင် မွတ်ဆလင်နိုင်ငံတွေကို မကျေမနပ်ဖြစ်စေခဲ့တဲ့ ကိုရမ်ကျမ်း မိးရှို့ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့လည်း တူရကီကို ဒေါသထွက်စေခဲ့ပြီး အဖွဲ့ဝင်အဖြစ် ထောက်ခံချက်ရရေး နှောင့်နှေးခဲ့တာလို့ သိရပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here