အိန္ဒိယ – မြန်မာ ကုန်သွယ်မှု ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်ရေးဆွေးနွေး

0
135

ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အိန္ဒိယ – မြန်မာနှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယသံရုံးမှ Deputy Chief of Mission ဖြစ်သူ Mr. Ashish Sharma နှင့်  အိန္ဒိယသမ္မတ နိုင်ငံ၊ဆိပ်ကမ်းများ၊သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ကိုလ်းကတ္တား ဆိပ်ကမ်းမှ ဥက္ကဋ္ဌ Mr. Rathendra Raman ဦးဆောင်သည့် အဆင့်မြင့်စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌဦးအေးဝင်းနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့ကိုယ်စားလှယ်များအား ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ လာရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

ထို့သို့ ဆွေးနွေးရာတွင် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေး၊ စစ်တွေဆိပ်ကမ်းကို အများဆုံးအသုံးပြု၍ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ  အဆင့်မြင့်တင်ရေး၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာများ၊  ဆိပ်ကမ်းလည်ပတ်မှု၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့်  ရေလမ်းကြောင်းများ တိုးတက်ကောင်းမွန်စေရေး၊ ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်မှု အခြေ အနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တွေဆိပ်ကမ်းမှတဆင့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာနိုင်မှုနှင့်  ဒေသတွင်း နိုင်ငံများသို့ ကုန်သွယ်မှုများ တိုးမြင့်တင်ပို့နိုင်သည့် အခွင့်အလမ်းများ၊ စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုး တက်ရရှိနိုင်ခြင်းများ၊ သယ်ယူပို့ဆောင်မှု ချောမွေ့လာမည့် အခြေအနေများ၊ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကမ်းရိုး တန်းသွား သင်္ဘောလိုင်း ချိတ်ဆက်ပြေးဆွဲနိုင်မည့်အလားလာများနှင့်စပ်လျဉ်း၍လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းနိုင်၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအေးအေး၊ အတွင်းရေးမှူး ဒေါ်လှလှရီ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here