အစ္စရေးက နှစ်နိုင်ငံ ဖြေရှင်းချက်ကို ငြင်းပယ်ခြင်းဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုဖြစ်ဟု ကုလအတွင်းရေးမှူးချုပ် သတိပေး

0
107

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက နှစ်နိုင်ငံ ဖြေရှင်းချက်ကို ငြင်းပယ်လိုက်ခြင်းဟာ ကမ္ဘာ့လုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဖြစ်စေပြီး နေရာတိုင်းမှာ အစွန်းရောက်ဝါဒီတွေ ခေါင်းထောင်လာစေနိုင်တဲ့ အကန့်အသတ်မရှိ ရှည်ကြာတဲ့ ပဋိပက္ခတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ အကြီးအကဲက အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဝန်ကြီးအဆင့်အစည်း အဝေးတစ်ခုမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သူ့ရဲ့ အပြင်းထန်ဆုံး စကားလုံးတွေကို ထုတ်သုံးလာတာဖြစ်ပြီး “အပြည့်အ၀ လွတ်လပ်သော သူတို့ကိုယ်ပိုင် နိုင်ငံတစ်ခု တည်ဆောက်လိုတဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးကို အားလုံးက အသိ အမှတ်ပြုရမှာဖြစ်ပြီး နှစ်နိုင်ငံ ဖြေရှင်းချက်ကို လက်ခံဖို့ ငြင်းဆန်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြတ်ပြတ်သားသား ပယ်ချရပါမယ်” လို့ ဆိုခဲ့ပါတယ်။

စစ်မှန်သော လွတ်လပ်မှု၊ ရပိုင်ခွင့်နဲ့ လေးစားမှုတွေ မပါရှိဘဲ ပမာဏများပြားလှတဲ့ ပါလက်စတိုင်းလူမျိုးတွေနဲ့အတူ တစ်နိုင်ငံတည်း ဖြေရှင်းချက် နည်းလမ်းဟာ စိတ်ကူးယဉ်လို့ မရနိုင်ဘူးလို့လည်း သူက ပြောဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်း ပဋိပက္ခ တိုးမြင့်လာနိုင်တဲ့ အန္တရာယ်ဟာ လက်တွေ့မှာ ဖြစ်လာနေပြီလို့လည်း လက်ဘနွန်၊ ယီမင်၊ ဆီးရီးယား၊ အီရတ်နဲ့ ပါကစ္စတန်တို့ကို ညွှန်ပြကာ ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။ ပိုမိုကျယ်ပြန့်လာနိုင်တဲ့ စစ်ပွဲရဲ့ အကျဉ်းအကြပ်မှ ဆုတ်ခွာပြီး ဆိုးဝါးလှတဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းစဉ်းစားကြဖို့ သူက တိုက်တွန်းပါတယ်။

စစ်ပွဲအလွန် အစီအမံတွေမှာ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး ဖြေရှင်းနည်းတွေအပေါ် နေတန်ယာဟုက ပယ်ချခဲ့တာကြောင့် အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ် အမေရိကန်နဲ့ အကွဲအပြဲပိုကြီးစေခဲ့ပါတယ်။ စစ်ပွဲဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် နှစ်နိုင်ငံဖြေရှင်းနည်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေဆီ ဦးတည်ရမယ်လို့ အမေရိကန်က ပြောဆိုပါတယ်။

ယင်းရည်မှန်းချက်ကို ဝန်ကြီးတွေ၊ သံတမန်တွေက အင်္ဂါနေ့မှာ ထပ်လောင်းပြောကြားခဲ့ပြီး  ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေက ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here