ရုရှားသူလျှိုများ စုဆောင်းရန်အတွက် CIA က အွန်လိုင်းတွင် ဆက်လက်လုပ်ဆောင်နေ

0
143

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)သည် ရုရှားနိုင်ငံတွင်းရှိ အလားအလာရှိသော သတင်းရင်းမြစ်များအား ဆက်သွယ်ရန် နှင့် ရုရှားနိုင်ငံရေးခေါင်းဆောင်ပိုင်းနှင့် အခြားပြည်တွင်းအထက်အရာရှိများနှင့် သဘောထားကွဲလွဲနေသော ရုရှားအရာရှိများကို ခေါ်ယူရန် ရည်ရွယ်သည့် တတိယမြောက် စည်းရုံးရေးဗီဒီယိုကို ထုတ်ပြန်လိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ရေးသားထားသည်။

CIA လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်က ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာသူလျှိုပြတိုက်တွင် တနင်္လာနေ့က ပြောကြားရာတွင် ယခုနောက်ဆုံးထွက်ဗီဒီယိုသည် “ရုရှားနိုင်ငံအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို မြင်တွေ့နေရပြီဖြစ်သည့် ရုရှားပြည်သူများအတွက် အခြေခံ ဟောပြောချက်တစ်ခုဖြစ်ကြောင်း၊ ရုရှားပြည်သူများက မိမိတို့အတွက် အလုပ်လုပ်ပေးမည်ဆိုလျှင် အစစအရာရာ အောင်မြင်စေရန် ကူညီပေးနိုင်ကြောင်း” ပြောကြားခဲ့သည်။

၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော လှုပ်ရှားမှုနှစ်ခုမှ ဗီဒီယိုများကို Telegram၊ Facebook၊ Instagram နှင့် X အပါအဝင် အွန်လိုင်းပလက်ဖောင်းအများအပြားတွင် အကြိမ်ရေ ၂ ဒသမ ၁ သန်းကျော် ကြည့်ရှုခဲ့ကြသည်ဟု CIA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တူရိယာများတီးခတ်ထားသည့် ဂီတဗီဒီယိုအဖြစ် စီစဉ်ထားသော ယခုနောက်ဆုံးဗီဒီယိုတွင် ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းကို ကိုးကားပြီး စိတ်ကူးယဉ် ရုရှားအရာရှိတစ်ဦးက သူ့သားအတွက် ရုရှားနိုင်ငံ၌ ပိုမိုကောင်းမွန်သော အနာဂတ်ကို ရရှိရန် မျှော်လင့်ကြောင်း အစရှိသည်တို့ကို နောက်ခံပြောစကားများအဖြစ် ပြောကြားထားသည်။ ၎င်းသည် CIA ကို အွန်လိုင်းတွင် လုံခြုံစွာ ဆက်သွယ်ရန်အတွက် ညွှန်ကြားချက်များဖြင့် အဆုံးသတ်ထားကြောင်း သိရသည်။

ယခုဗီဒီယိုသည်လည်း အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း CIA ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သော်လည်း ယင်းဗီဒီယိုနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များနှင့် ထုတ်လုပ်မှုအရင်းအမြစ်များ ပြောကြားရန်ကိုမူ ငြင်းဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here