သီပေါ – လားရှိုး ကွန်ခိုက် ယာယီချောင်းကူးတံတားကို ညနေ (၆)နာရီအထိသာ ဖြတ်သန်းခွင့်ပြုမည်ဟု ဆို

0
268

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမှ လားရှိုးသို့ ဖြတ်သန်းသွားလာရန် ယာယီဆောက်လုပ်ထားသည့် ကွန်ခိုက်ချောင်းကူးတံတားအား မနက်(၆) နာရီမှ ညနေ (၆)နာရီအထိသာ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ခိုက်တံတားသည် စဉ့်အင်ချောင်းကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ပြီး၊ ယမန်နေ့ ဇန်နဝါရီ(၂၇)ရက် နံနက်ပိုင်းမှ စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကွန်ခိုက်ယာယီတံတားမှ ဖြတ်သန်းသွားလာခွင့်အတွက်အိမ်စီးယာဥ်ငယ် ခရီးသည်တင် ယာဉ်ငယ်များ၊ ကုန်တင်ယာဉ်ငယ်(ကုန်မပါ)များအား ခွင့်ပြုထားကြောင်းနှင့် ယာဉ်ငယ်တစ်စီးလျှင် ကျပ် (၂၀,၀၀၀)ပေးဆောင်ရကြောင်း ဒေသခံယာဥ်‌မောင်း တစ်ဦးထံက သိရသည်။

“ဒီဘက်မှာက နယ်မြေအေးချမ်းသေးတာ မဟုတ်တော့သွားမယ့်ကားတွေ စောစောထွက်တာ အကောင်းဆုံးပါဘဲ။ တံတားမဆောက်ခင် သွားနေရတဲ့ ကုံးမုံ-နမ္မ လမ်းထက်စာရင်တော့ လမ်းသာတဲ့အတွက် စောပြီးရောက်နိုင်တာပေါ့။ ဘာဖြစ်ဖြစ်ကျေးဇူးတင်ရမှာဘဲလေ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကွန်ခိုက်တံတားသည် သီပေါဘက်မှလာပါက စဥ့်အင်တံတားအနီးမှ ညာဘက်လမ်းအတိုင်း (၁၅) မိနစ်ခန့် မောင်းနှင်ရပြီး၊ လားရှိုးဘက်မှ လာပါက စဥ့်အင်ရွာအဝင် ဘယ်ဘက်သို့ (၁၅)မိနစ်ခန့် မောင်းနှင်လျှင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ကွန်ခိုက်တံတားသစ်ကြောင့် ယခင် သီပေါ – လားရှိုးသို့သွားလာရသည့် ကုံးမုံ-နမ္မလမ်းပိုင်းထက် အချိန် (၁) နာရီခန့်သက်သာမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွ င်း သီပေ့ါ- လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ စဉ့်အင်တံတားမှာ ကျိုးကျပျက်ဆီးခဲ့ရပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ အခက်အခဲများဖြစ်ပေါ်ခဲ့ရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here