တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
173

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ စိုင်းဆွေဆိုင်း၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ (၂၃) ရက်၊ ညနေ (၅) နာရီခွဲအချိန်က မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၀၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၃ ကီလို၊ ဘိန်းစိမ်း ၇၅ ကီလိုနှင့် TOYOTA LANDCRUISER PRADO မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အိုက်စ်(မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ လည်းကောင်း၊ ဘိန်းစိမ်းများအား မိုင်းပျဉ်းမြို့နယ်မှ လည်းကောင်း၊ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here