အမေရိကန်-တရုတ် ဆွေးနွေးပွဲ မတိုင်မီ တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေး တိုးမြှင့်ဖိအားပေး

0
149

တရုတ်ဟာ စစ်လေယာဉ် အစင်း ၃၀ ကျော်နဲ့ ရေတပ်သင်္ဘောအုပ်စုတစ်ခုကို ထိုင်ဝမ်ကျွန်းတစ်ဝိုက်သို့ စေလွှတ်ခဲ့ကြောင်း ကျွန်းဒေသရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စနေနေ့(ဇန်နဝါရီ ၂၇) မှာ ပြောဆိုပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စေဖို့အတွက် အမေရိကန် ထိပ်တန်းသံတမန်နဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ စစ်ရေးဖိအားပေးမှု ဖြစ်လာခဲ့တာပါ။ အဆိုပါ ထိပ်သီးအစည်းအဝေးဟာ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးအမျိုးမျိုးကြောင့် ကွဲလွဲနေတဲ့ ဆက်ဆံရေးကို ပြေလည်စေရေး ကြိုးပမ်းအဖြစ်ရှုမြင်ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အမေရိကန် အမျိူးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်နဲ့ တွေ့ဆုံဖို့အစီအစဉ်ရှိကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက အတည်ပြုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး၊ ထိုင်ဝမ် အရေးတို့မှာ တရုတ်နိုင်ငံရဲ့ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ကို ထုတ်ဖော်သွားမှာဖြစ်သလို အပြန်အလှန် အလေးထားရမယ့် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်သွားကြမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ သောကြာနေ့ မနက် ၆ နာရီကနေ စနေနေ့ မနက် ၆ နာရီအကြား SU-30 တိုက်လေယာဉ်တွေအပါအဝင် စစ်လေယာဉ် ၃၃ စင်းနဲ့ ရေတပ်သင်္ဘော ခြောက်စင်းကို ထိုင်ဝမ်ကျွန်းတစ်ဝိုက်သို့ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ ယင်းတို့ထဲက စစ်လေယာဉ် ၁၃ စင်းဟာ ကျွန်းဒေသနဲ့ ပြည်မကြီးအကြား ကြားခံအဖြစ် မှတ်ယူထားတဲ့ တရားဝင်မဟုတ်သော နယ်နိမိတ် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ဘက်က အခြေအနေကို စောင့်ကြည့်ခဲ့ပြီး တရုတ်ရဲ့ လှုပ်ရှားမှုတွေအပေါ် တုန့်ပြန်မှုအဖြစ် ၎င်းတို့တပ်တွေကို ဖြန့်ကျက်ခဲ့တယ်လို့ သိရပါတယ်။

Ref: Khaosod English


LEAVE A REPLY

Please enter your comment!
Please enter your name here