ဂင်းနစ် မှတ်တမ်းဝင်ရန် ပိုလန်သူ တစ်ဦး ရေခဲတုံးတွေကြား သုံးနာရီကျော်နေခဲ့

0
139

ပိုလန်နိုင်ငံမှအမျိုးသမီးတစ်ဦးသည် ကမ္ဘာ့ဂင်းနစ်စံချိန်အသစ်တင်နိုင်ရန်အတွက် ရေခဲများထည့်ထားသည့် ပုံးထဲတွင် ၃ နာရီကျော်ကြာနေထိုင်ခဲ့ကြောင်းသိရသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဂျူကူဘောစကွာဟူသော ပိုလန်အမျိုးသမီးသည် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန် ပုံးထဲဝင်ခဲ့ပြီး ရေခဲတုံးများကို သူမ၏လည်ပင်းအထိ သွန်လောင်းချစေခဲ့ကာ ၃ နာရီ၊၆ မိနစ်နဲ့ ၄၅ စက္ကန့်ကြာနေထိုင်ပြခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့ကပြောကြားခဲ့သည်။

ဂျူကူဘောစကွာသည် ကမ္ဘာတစ်ဝန်းရှိအမျိုးသမီးများအနက် ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲအပြည့်ဖုံးအုပ်ပြီး အချိန်အကြာဆုံးနေထိုင်နိုင်သည့်အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံလိုသူဖြစ်ကြောင်းသိရသည်။

ခန္ဓာကိုယ်တစ်လုံးကို ရေခဲအပြည့်ဖုံးအုပ်ပြီး သေတ္တာပုံးထဲတွင် ၃ နာရီနဲ့ ၆ မိနစ်ကျော်နေထိုင်နိုင်သည့် ဂျူကူဘောစကွာ၏စံချိန်သည် ပိုလန်အမျိုးသားတစ်ဦးဖြစ်သည့် Krzysztof Gajewski ၏စံချိန်ကို လိုက်မီရန် မိနစ်အနည်းငယ်သာလိုခဲ့ကြောင်းသိရသည်။

အဆိုပါပိုလန်အမျိုးသားကမူ ခန္ဒာကိုယ်တစ်လုံးကို ရေခဲအပြည့်ဖုံးအုပ်ပြီး သေတ္တာပုံးထဲတွင် ၃ နာရီ၊၁၁ မိနစ်နဲ့ ၇ စက္ကန့်ကြာနေထိုင်နိုင်သည့်စံချိန်ကိုရရှိခဲ့သည်။

ဂျူကူဘောစကွာက “အမျိုးသမီးတွေထဲမှာတော့ ကျွန်မဟာ ရေခဲတုံးတွေထည့်ထားတဲ့ပုံးထဲမှာ အချိန်အကြာဆုံးနေထိုင်နိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ကျွန်မက တစ်စုံတစ်ခုကို လိုချင်တယ်ဆိုရင် အဲဒါကို ရအောင်လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြချင်တာပါ ” ဟုလည်းပြောကြားခဲ့သည်။

ရုပ်သံဖိုင်ထဲ၌မူ ဂျူကူဘောစကွာအမည်ရှိ အမျိုးသမီးသည် ခြောက်ပေကျော်ရှိသည့်ပုံးတစ်ခုထဲသို့အရင်ဝင်ကာ မတ်တပ်ရပ်နေခဲ့ပြီး ပုံးအပြင်ဘက်ရှိ လူနှစ်ဦးက ရေခဲတုံးများကို လည်ပင်းနားရောက်တဲ့အထိ သွန်ချပေးခဲ့ကြောင်းလည်းတွေ့ရသည်။

Source : ယူပီအိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here