ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီသို့ ထည့်ဝင်နေသည့် ရန်ပုံငွေများကို ရပ်ဆိုင်းကြောင်း ဥရောပနိုင်ငံများ ကြေညာ

0
124

လွန်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုမှာ အေဂျင်စီ ဝန်ထမ်းတွေလည်း ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီတစ်ခုဖြစ်တဲ့ UNRWA သို့ ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းကြောင်း ဗြိတိန်၊ အီတလီနဲ့ ဖင်လန်နိုင်ငံတို့ကလည်း ဇန်နဝါရီ ၂၇ ရက်မှာ ထပ်မံကြေညာလာခဲ့ပါတယ်။

အစ္စရေးနိုင်ငံ တည်ထောင်ခဲ့တဲ့ ၁၉၄၈ စစ်ပွဲအပြီး ဒုက္ခသည်တွေကို အကူအညီပေးဖို့ရာ ထူထောင်ခဲ့ခြင်းဖြစ်တဲ့ UNRWA ဟာ ဂါဇာ၊ အနောက်ကမ်းဒေသ၊ ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံတို့ရှိ ပါလက်စတိုင်းလူမျိုးတွေကို ပညာရေး၊ ကျန်းမာရေးနဲ့ အကူအညီပေးရေးဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ယင်းအဖွဲ့ဟာ ၂.၃ သန်းခန့်ရှိ ဂါဇာလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ကို အကူအညီတွေ ပေးအပ်နေခဲ့တာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှာလည်း အရေးပါတဲ့ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုအဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့မှုမှာ UNRWA ဝန်ထမ်း ၁၂ ဦး ပါဝင်ခဲ့တယ်လို့ အစ္စရေးက ထုတ်ဖော်ပြောဆိုလိုက်အပြီးမှာ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့က အေဂျင်စီသို့ ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ပါတယ်။ အေဂျင်စီအနေနဲ့ ဝန်ထမ်းအများအပြားကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိနေသလို ရာထူးကနေ ထုတ်ပယ်တာတွေလည်း လုပ်ခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကတော့ ဒါတွေဟာ UNRWA အပေါ် အစ္စရေးရဲ့ ထိုးနှက်တိုက်ခိုက်မှုသာဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး ရန်သူ ဇီယွန်ဝါဒီထံက ဆင်းသက်လာတဲ့ အချက်အလက်တွေအပေါ် အခြေခံသော ဝန်ထမ်းစာချုပ်ဖျက်သိမ်းမှုတွေကို ရှုတ်ချတယ်လို့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ပြောဆိုခဲ့ပါတယ်။

စွပ်စွဲချက်တွေအပေါ် ပြန်လည်သုံးသပ်မှုလုပ်နေစဉ်အတောအတွင်း UNRWA သို့ ထည့်ဝင်နေတဲ့ ရန်ပုံငွေကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဗြိတန်နိုင်ငံခြားရေးရုံးက ပြောဆိုပါတယ်။ ဒါ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေပေါ်ပေါက်အပြီးမှာ UNRWA သို့ ထည့်ဝင်နေတဲ့ ရန်ပုံငွေကို အီတလီအစိုးရက ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျန်နီကလည်း X လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။

ထို့အတူ ဖင်လန်နိုင်ငံကလည်း အေဂျင်စီအတွက် ရန်ပုံငွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here