အကြမ်းဖက်လုပ်ရပ်မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အရေးယူအပြစ်ပေးသွားမှာဖြစ်ပြီး ကုလအေဂျင်စီသို့ ရန်ပုံငွေ ဆက်ထည့်ဝင်ပေးကြဖို့ ကုလအတွင်းရေးမှူးချုပ် ပန်ကြား  

0
127

အကြမ်းဖက်လုပ်ရပ်မှာ ပါဝင်ပတ်သက်တဲ့ မည်သည့် ကုလဝန်ထမ်းမဆို အရေးယူအပြစ်ပေးသွားမှဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီမှ ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာအပြီးမှာ ၎င်းက အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

သို့ပေမယ့် ဒီဖြစ်စဉ်ကြောင့် အလှူရှင်နိုင်ငံ ၉ နိုင်ငံက ရန်ပုံငွေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက် အစိုးရတွေအနေနဲ့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ (UNRWA) သို့ ထောက်ပံ့မှုတွေ ဆက်လုပ်ပေးကြဖို့လည်း ဂူတာရက်စ်က ပန်ကြားခဲ့ပါတယ်။

“အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တဲ့ ကုလဝန်ထမ်းမှန်သမျှဟာ ရာဇဝတ်မှုအရ တရားစွဲဆိုခြင်း အပါအဝင် တာဝန်ခံကြရမှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။ ပါဝင်ပတ်သက်ခဲ့သူတွေကို တရားစွဲဆိုနိုင်ရေးအတွက် အတွင်းရေးမှူးချုပ်ရုံးက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း ၎င်းက ပြောဆိုပါတယ်။

သံသယရှိ ဝန်ထမ်း ၁၂ ဦးအနက်မှာ ၉ ဦးကို အလုပ်က ထုတ်ပယ်ခဲ့ပြီးဖြစ်ကာ တစ်ဦးက သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ကြောင်းနဲ့ ကျန်နှစ်ဦးရဲ့ အထောက်အထားတွေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ကုလဝန်ထမ်းတွေနဲ့ ပတ်သက်လို့ အစ္စရေးရဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာအပြီးမှာ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဖင်လန်နိုင်ငံတို့ဟာလည်း အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနိုင်ငံတို့နည်းတူ UNRWA သို့ ထည့်ဝင်နေတဲ့ ရန်ပုံငွေကို ရပ်ဆိုင်းကြောင်း စနေနေ့မှာ ကြေညာခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့တွေရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် မိမိ နားလည်ပါကြောင်း၊ ဒီစွပ်စွဲချက်တွေ ထွက်လာချိန်မှာ မိမိကိုယ်တိုင်လည်း ထိတ်လန့်ရပါကြောင်း၊ အနည်းဆုံးတော့ UNRWA ရဲ့ လုပ်ငန်းဆောင်တာတွေ ဆက်တည်မြဲနေရေး အာမခံချက်အတွက် ပံ့ပိုးမှုတွေ ဆိုင်းငံ့ထားလိုက်တဲ့ အစိုးရအဖွဲ့တွေကို မိမိအနေနဲ့ အလေးအနက် မေတ္တာရပ်ခံကြောင်း ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here