အငြင်းပွား သန္တာကျောက်ကျွန်းတစ်ခုရှိ ဖိလစ်ပိုင်တပ်ဖွဲ့တွေထံ ရိက္ခာပို့မှုအား တရုတ် ခွင့်ပြု

0
211

အငြင်းပွား သန္တာကျောက်ကျွန်းတစ်ခုရှိ ဒုတိယကမ္ဘာစစ်ကာလ သင်္ဘောပျက်တစ်စီးမှာ တပ်စွဲထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေထံ ထောက်ပံရေးရိက္ခာတွေ ပေးပို့ခြင်းအား ယာယီအထူးအစီအစဉ်အဖြစ် ခွင့်ပြုမှာဖြစ်တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့ ပါလာဝမ်ကျွန်းကမ်းလွန် ၁၁၈ မိုင်အကွာမှာရှိတဲ့ သန္တာကျောက်ကျွန်း Second Thomas Shoal မှာ စစ်ဘက်ကင်းစခန်းတစ်ခုလို ဖြစ်လာနေတဲ့ ပို့ဆောင်ရေးသင်္ဘောဟောင်းပေါ်က တပ်ဖွဲ့ဝင်တွေထံ ဖိလစ်ပိုင်က ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေခြင်းကို သင်္ဘောတွေစေလွှတ်ကာ တရုတ်ကမ်းခြေစောင့်တပ်က တားမြစ်နေခဲ့တာဖြစ်ပါတယ်။

စနေနေ့က ၎င်းတို့ရဲ့ တရားဝင် WeChat အကောင့်ကနေ ထုတ်ပြန်ခဲ့မှုအတွင်း လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်မှုအတွက် ခွင့်ပြုခဲ့ပေမယ့် ၎င်းတို့ရဲ့ ရေပိုင်နက်ကပ်လျက် Second Thomas Shoal ရှိ တရုတ်နိုင်ငံရဲ့ အချုပ်အချာ၊ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၂၁ ရက်က ဖိလစ်ပိုင် လေယာဉ်ငယ်တစ်စင်းဟာ တရားမဝင် အခြေစိုက်ထားတဲ့ စစ်သင်္ဘောအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ကြဲချပေးခဲ့တယ်လို့လည်း WeChat ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

တရုတ်ဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေကိုပါ ဖြတ်တောက်ယူထားတဲ့ ၎င်းတို့မြေပုံတွေရဲ့ နယ်နိမိတ်မျဉ်းအရ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။

မနီလာရဲ့ ကတိကဝတ်တစ်ခုအပေါ် အခြေခံပြီး တပ်စွဲထားတဲ့ သင်္ဘောကို အဝေးကို ဆွဲယူသွားဖို့ တရုတ်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here