YBS ယာဉ်လိုင်းအချို့ ယာဉ်စီးခ ၄၀၀ ကျပ်အထိ တိုးကောက်လာ

0
192

ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးယာဉ်လိုင်းအောက်ရှိ YBS 12, 13, 14, 25, 30, 38, 55, 117, 128 စသည့် ယာဉ်များတွင် ယာဉ်စီးခကို ငွေသားဖြင့် ပေးမည်ဆိုပါက ကျပ်ငွေ ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။

အကယ်၍ YPS Card / QR Code ဖြင့် ပေးချေပါက ငွေကျပ် ၃၀၀ သာ ကျသင့်မှာဖြစ်ပြီး အတက်တစ်ကြိမ်သာ Scan ပြုလုပ်ပေးချေရမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းဘက်မှ ပေါ်ပြူလာကို အတည်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှုကော်မတီ (YRTC) ၏ အစည်းအဝေးမှ ငွေသားဖြင့် ပေးချေမှုအတွက် ငွေကျပ် ၄၀၀ ကောက်ခံမည့် အဆိုပြုချက်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ဟု ဗန္ဓုလယာဉ်လိုင်းမှ ပြောကြားထားသည်။

YRTC မှ တရားဝင်သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားမှာ ၃၀၀ ကျပ်ဖြစ်သော်လည်း YBS ယာဉ်လိုင်းအားလုံးနီးပါး ခရီးစဉ်စ/ဆုံး လိုက်ပါစီးနင်းပါက ငွေကျပ် ၄၀၀ အထိ ကောက်ခံနေသည်မှာ ကြာပြီဖြစ်ကြောင်း YBS စီးနင်းသူ များ၏ ပြောပြချက်အရ သိရသည်။

“ဘတ်စ်ကားခ ၄၀၀ ကျပ်ကောက်တာဖြင့် ကြာနေပြီလေ။ ကတ်နဲ့ဆိုရင်တော့ စက်ကနေ ၃၀၀ ပဲ ဖြတ်တယ်”ဟု YBS စီး ခရီးသည်တစ်ဦးက ပြောသည်။

လက်ရှိမှာ YBS စီးနင်းသူများအနေဖြင့် ယာဉ်စီးခအတွက် ငွေအကြွေရှာဖွေပေးချေရမှု အခက်အခဲ မဖြစ်စေရေးအတွက် YPS ကတ်ကို အသုံးပြုနိုင်သကဲ့သို့ မိုဘိုင်းဖုန်းဖြင့် Scan ပြုလုပ်ကာ ငွေပေးချေနိုင်မည့် YPS QR Code ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here