ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ခရုဇ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်ပြန်

0
173

မြောက်ကိုရီးယားသည် ၎င်း၏ရေတပ်တွင် နျူကလီးယားလက်နက်တပ်ဆင်မှုကို အရှိန်မြှင့်ပေးခြင်းစီမံချက်အရ တီထွင်ဆန်းသစ်ထားသော ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် မဟာဗျူဟာမြောက် Pulhwasal-3-31 ခရုဇ်ဒုံးကျည်အသစ်ကို တနင်္ဂနွေနေ့တွင် ဒုတိယအကြိမ် စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် လွန်ခဲ့သည့် သီတင်းပတ်က တည်ဆောက်နေဆဲဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များနှင့် ထပ်တူဖြစ်သည့် Pulhwasal-3-31 ဟုခေါ်သည့် ဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ် မှုကို ကြီးကြပ်ခဲ့သည်။

နိုင်ငံပိုင်သတင်းဌာန KCNA နှင့် တရားဝင် Rodong Sinmun သတင်းစာတို့က ဒုံးကျည်များသည် နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်အထက်တွင် ၇၄၂၁ စက္ကန့်နှင့် ၇၄၄၅ စက္ကန့်ကြာ ပျံသန်းခဲ့ပြီး သတ်မှတ်ထားသော ကျွန်းပစ်မှတ်ကို ထိမှန်ခဲ့ကာ လေထဲတွင် ပျံသန်းချိန် နှစ်နာရီကျော်လွန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းသည် အင်အားကောင်းသော ရေတပ်ကိုတည်ဆောက်ရန် ရည်ရွယ်သည့် တပ်မတော်ခေတ်မီတိုးတက်စေရေးအစီအစဥ်ကို ဆောင်ရွက်ရာတွင် ဗျူဟာမြောက်အရေးပါသည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနကဆိုထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ကမ်းရိုးတန်းမှ ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က တနင်္ဂနွေနေ့တွင် စွပ်စွဲပြောကြားခဲ့သော်လည်း အခြားအသေးစိတ်အချက်အလက်များကို ပြောကြားနိုင်ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သော သီတင်းပတ်တွင် မြောက်ကိုရီးယားက ၎င်းသည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်သစ်ကို စမ်းသပ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အဆိုပါဒုံးကျည်သည် ရေငုပ်သင်္ဘောမှပစ်လွှတ်နိုင်စေရန်အတွက် တီထွင်ထားကြောင်းကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here