အမေရိကန် စစ်သားတွေ သေဆုံးတဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ၎င်းတို့ ပတ်သက်ဆက်နွယ်ခြင်း မရှိဟု အီရန် ငြင်းဆို

0
158

ဂျော်ဒန်နိုင်ငံမှာ အမေရိကန် စစ်သား သုံးဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ၎င်းတို့ ပတ်သက်ဆက်နွယ်ခဲ့ခြင်း မရှိဘူးလို့ အီရန်က ငြင်းဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

ဆီးရီးယားနိုင်ငံနဲ့ နယ်စပ်အနီးမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ ယင်းတိုက်ခိုက်မှုဟာ အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဗြိတိန်နိုင်ငံခြားရေး -ဝန်ကြီး ဒေးဗစ်ကင်မရွန်တို့က အပြစ်ဆိုထားပါတယ်။

“ကျွန်တော်တို့ အရင်က ရှင်းလင်းစွာ အသိပေးပြောဆိုထားသလိုပါပဲ ကလေးတွေကို သတ်ဖြတ်တဲ့ ဇီယွန်ဝါဒီ အစိုးရရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်နေမှုတွေကို ဒေသတွင်း ခုခံရေးအုပ်စုတွေက တုန့်ပြန်ခဲ့ခြင်းသာဖြစ်ပြီး အစ္စလာမ်မစ် သမ္မတနိုင်ငံ အီရန်ရဲ့ အမိန့်ညွှန်ကြားချက်တွေကို သူတို့ ရယူခဲ့ခြင်းမျိုး မရှိပါဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ နာဆာ ကန်နာနီက ပြောဆိုကြောင်း IRNA သတင်းဋ္ဌာနက တနင်္လာနေ့(ဇန်နဝါရီ ၂၉) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ဒီအုပ်စုတွေဟာ သူတို့ ကိုယ်ပိုင်မှုတွေ၊ ဦးစားပေးအကြောင်းအရာတွေအပြင် သူတို့ နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားတွေအပေါ် အခြေခံပြီး ဆုံးဖြတ် လုပ်ကိုင်တာသာဖြစ်တယ်” လို့ ကန်နာနီက ဆိုပါတယ်။ အီရန် ပါဝင်ပတ်သက်တယ်ဆိုတဲ့ အခိုင်အမာ ပြောဆိုနေမှုတွေဟာ ဇီယွန်ဝါဒီ အစိုးရအပါအဝင် တတိယအဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းခံရမှုနဲ့ ဒေသတွင်း ဖြစ်ရပ်မှန်တွေကို ပြောင်းပြန်လှန်ဖို့ နိုင်ငံရေးရည်ရွယ်ချက်သက်သက်အရ လှုံဆော်ခံရမှုတွေကြောင့်ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်ကလည်း တီဟီရန်ဟာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ဆက်နွယ်ခြင်းလုံး၀ မရှိကြောင်း ဆိုခဲ့ပြီး ဒေသတွင်း ခုခံရေးအုပ်စုတွေနဲ့ အမေရိကန်တပ်ဖွဲ့တွေအကြား ပဋိပက္ခသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အုပ်စုတွေရဲ့ ပင်မအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီရတ်ရှိ အစ္စလာမ်မစ် ခုခံရေးအဖွဲ့က တိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here