မကွေးမြို့နယ် သံဘိုရွာသစ် စံပြကျေးရွာသည် မြန်မာတစ်နိုင်ငံလုံးတွင် ပထမဦးဆုံးအဖြစ် မျက်စိအတွင်းတိမ် ကင်းစင်ရွာဖြစ်လာ

0
229

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ(၂၆) ရက်က အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်း ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မျက်စိအတွင်းတိမ်ကင်းစင်ပြီး အလင်းရလာကြသည့် သံဘိုရွာသစ်မှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာခြားချက်များ ကျဉ်းမြောင်းပြီး လူနေမှုအဆင့်အတန်း မြင့်မားစေရန် ခေတ်မီစံပြ ကျေးရွာတွေကို ဖော်ဆောင်ပြီး ကျေးရွာများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

မျက်စိအတွင်းတိမ်မှာ အသက်ကြီးရင့်လာသူများ တွေ့ကြုံရသည့် ရောဂါတစ်မျိုးဖြစ်ပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည့် ဆေးပညာအရ ပျက်စီးနေသည့် မွေးရာပါမှန်ဘီလူးကို စက်ကိရိယာ၊ ကျွမ်းကျင်မှုများနှင့်  ပေါင်းစပ်ပြီး မှန်ဘီလူးအသစ်လဲပေးခြင်းဖြင့် မျက်စိအတွင်းတိမ်ရောဂါကို ကုသနိုင်မှာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ထို့အပြင် မျက်စိအတွင်းတိမ်ကင်းစင်ရွာများ ပေါ်ပေါက်လာစေရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပူးပေါင်းစီမံခွင့်ရသည်မှာ မကွေးတိုင်းဒေသကြီးအတွင်းက ပြည်သူများ အတွက်ရော တိုင်းဒေသကြီး အစိုးရ အတွက် မင်္ဂလာတစ်ရပ်ပင်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာတွင် မျက်စိအတွင်းတိမ်ကင်းစင်ကျေးရွာအဖြစ် ဖော်ဆောင်နိုင်ရန် ကျေးရွာအတွင်းရှိ အသက်(၅၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၆) ဦးကို စမ်းသပ်စစ်ဆေးကာ မျက်စိအတွင်းတိမ်လူနာ သက်ကြီးဘိုးဘွား(၁၇)ဦးကို ခွဲစိတ်ပေးနိုင်ခဲ့ပြီး၊ လက်ရှိ သံဘိုရွာသစ်စံပြကျေးရွာတွင် မျက်စိအတွင်းတိမ်လူနာမရှိတော့ဘဲ မျက်စိအတွင်းတိမ် ကင်းစင်ရွာဖြစ်စေရေး လစဉ် စဉ်ဆက်မပြတ် စမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်းက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်မှာ သံဘိုရွာသစ်စံပြကျေးရွာ တစ်ရွာတည်းနှင့် ပြီးမြောက်သွားမည် မဟုတ်ဘဲ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားသော စံပြရွာများတွင်လည်း ဆက်တိုက် လစဉ်အဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here