ငလိုက်သာ ဆင်စခန်းသို့ ခရီးသွားဝင်ရောက်မှုမှ ငွေကျပ် ၂၆ သန်းကျော် ရရှိထား

0
156

ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း (နေပြည်တော်) သို့  ၂ဝ၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှုမှ ငွေကျပ်၂၆ သန်းကျော် ရရှိခဲ့ကြောင်း ငလိုက်စခန်းသာ ဆင်စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ငလိုက်စခန်းသာဆင်စခန်းမှာ ဒီဘဏ္ဍာ နှစ် ဧပြီလကနေ ဒီဇင်ဘာလကုန်အထိ ခရီးသွားဝင်ရောက်မှုမှ စုစုပေါင်း ငွေကျပ် ၂၆၁ သိန်းကျော်ရရှိခဲ့ပါတယ်။ ငလိုက် စခန်းသာဆင်စခန်းမှာ ဆင်စီးပြီးတော့ တောတွင်း သဘာဝအလှအပရှုခ င်းတွေကို လေ့လာကြည့်ရှုခံစားနိုင်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ဆင်စခန်း၌ လက်ရှိတွင် ဆင်ထီး ၆ ကောင်နှင့် ဆင်မ ၁၅ ကောင် ထိန်းသိမ်း စောင့်ရှောက်ထားပြီး ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များအား ဖျော်ဖြေတင်ဆက်မှုများနှင့် ခရီးသွားဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဆင်တွေနဲ့ အနီးကပ်ထိတွေ့ပြီးတော့ ကိုယ်တိုင်အစာကျွေးနိုင်ပါတယ်။ ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းချင်ရင်လည်း စီစဉ်ပေးပါတယ်။ နောက် ဆင်ပြတိုက်ကိုလည်း ဖွင့်လှစ်ထားပြီး ဆင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ရှင်းပြပေးပါတယ်”ဟု တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဆင်များ၏ သရုပ်ဖော်ပြကွက် ဘောလုံးကန်ခြင်း၊ ကပြဖျော်ဖြေခြင်းများ တင်ဆက်ပြသလျက်ရှိကြောင်း သိရသည်။

ငလိုက်စခန်းသာဆင်စခန်းတွင် တစ်မိုင်ခန့်ရှည်လျားသော တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) ကို တည်ဆောက်ထားပြီး တံတားတစ်လျှောက် ဘေးဘက်ဝဲယာ၌ သစ်တောစိုက်ခင်းများနှင့် ကျေးငှက်တိရစ္ဆာန်များကိုလည်း ကြည့်ရှုလေ့လာနိုင်သည့်အပြင် ငါးမျှားခြင်းများလည်း ဆောင်ရွက်နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here