ဒူတာတေးကို ဆေးကြောင်နေသူဟု မားကို့စ် တုန့်ပြန် ဝေဖန်

0
164

ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို မူးယစ်ဆေးစွဲနေသူလို့ သမုတ်ခဲ့တဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကိုမားကို့စ်အ​နေနဲ့ တနင်္လာနေ့က တုန့်ပြန်ဝေဖန်ခဲ့ရာမှာ ခေါင်းဆောင်ဟောင်းရဲ့ ဖန်တာနိုင်းလ်မူးယစ်ဆေးသုံးနေမှုဟာ သူ့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ထိခိုက်သွားတာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒူတာ​တေးတို့ သားအဖ နှစ်​ယောက်လုံးက ဒီရက်ပိုင်းမှာ မားကို့စ် ကို ဆက်တိုက် ​ဝေဖန်လာနေတာဖြစ်ပါတယ်။

ဒူတာတေးက မွေးရပ်မြေဖြစ်တဲ့ ဒါဗာအိုမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုံ့ဆော်မှုတွေအပေါ် ဆန့်ကျင်တဲ့ လူထုစုဝေးမှုအတွင်း မားကို့စ်ကို ဝေဖန်မှုလုပ်ခဲ့တာဖြစ်ပါတယ်။

မားကို့စ်ကလည်းဗီယက်နမ်ခရီးစဉ် မထွက်ခွာမီ ဒီဝေဖန်မှုတွေအပေါ် တုန့်ပြန်ရာမှာ “ကျွန်တော်ကတော့ ဆေးကြောင်နေတယ် ထင်တာပဲ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးစွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတကို မေးမြန်းရာမှာ သမ္မတဟောင်းဟာ မူးယစ်ဆေးသုံးနေတာ တော်တော်ကြာပြီဖြစ်ကြောင်းနဲ့ ၅ နှစ် ၆ နှစ်လောက်ကြာရင်တော့ သူ့အပေါ် သက်ရောက်မှုရှိလာမှာပဲဖြစ်ကြောင်း မားကို့စ်က ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ဆိုင်ကယ်မတော်တဆမှုတစ်ခုဖြစ်အပြီးမှာ နာကျင်မှုသက်သာစေဖို့အတွက် အလွန်အမင်း စွဲလန်းမှုဖြစ်စေတဲ့ ဓါတုဆေးဝါး ဖန်တာနိုင်းလ်တွေ သူသုံးစွဲခဲ့ရတယ်လို့ ဒူတာတေးက ဝန်ခံထားခဲ့ပါတယ်။

သူ့ဆရာဝန်တွေ သူ့ကို ပိုဂရုစိုက်ကြဖို့ မိမိ မျှော်လင့်ပါတယ်လို့လည်း မားကို့စ်က ဆိုခဲ့ပါတယ်။

ဒူတာတေးဟာ သူ ဒါဗာအိုမြို့တော်ဝန်အဖြစ် ထမ်းဆောင်နေစဉ်ကာလတုန်းက သူ့ထံ တင်ပြလာတဲ့ မူးယစ်ဆေးဝါး အေဂျင်စီရဲ့ မူးယစ်ဆေးသုံးသူစာရင်းမှာ မားကို့စ် ပါဝင်ခဲ့တယ်လို့လည်း ပြောဆိုခဲ့သေးပြီး ဒီစွပ်စွဲချက်ကိုတော့ ဖိလစ်ပိုင် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီက အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

အပြစ်မဲ့ ဖိလစ်ပိုင်ပြည်သူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်မှုတွေကြောင့်ဆိုကာ မားကို့စ် ရာထူးက နုတ်ထွက်ပေးဖို့ ဒူတာတေးရဲ့ သားဖြစ်သူက တောင်းဆိုမှုတွေ လုပ်ခဲ့အပြီးမှာ ဖခင်ဖြစ်သူရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here