ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူလုံးဝမရှိစေရေး ဆောင်ရွက်မည်

0
274

၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူလုံးဝမရှိစေရေးဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းကပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်‌တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာနတွင် ပြုလုပ်သည့် ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ခွေးရူးပြန်ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူလုံးဝမရှိစေရေး ရည်မှန်းချက်ပြည့်မီစေရေး မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။

ခွေးရူးပြန်ရောဂါသည် ရောဂါကူးစက်ခံရပြီဆိုပါက အသက်သေဆုံးရန် ရာခိုင်နှုန်းများကြောင်း WHO ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီးတစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံး​နေရာ အာရှနှင့် အာဖရိက နိုင်ငံများ၏ ဆင်းရဲသောကျေး ရွာများတွင် ထိခိုက်မှုပိုမိုဖြစ်ပွားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ခွေးများတွင် ခွေးရူးရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်ရန်အတွက် အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး ထိုစီမံကိန်းအရ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တို့တွင် ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို One Health Strategy အနေဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here