နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

0
225

နိုင်ငံရဲ့ တရားဝင် လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုမှာ ပြစ်မှုထင်ရှားတာကြောင့်ဟုဆိုကာ ပါကစ္စတန်တရားရုံးတစ်ခုက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ သူ့ပါတီက လက်ထောက်တစ်ဦးကို အင်္ဂါနေ့ (ဇန်နဝါရီ ၃၀) မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သိရပါတယ်။ ခန်းကို ထောက်ခံသူတွေကတော့ ဒီတရားစီရင်ချက်အပေါ် ဝေဖန်ခဲ့ကြပါတယ်။

၂၀၂၂ ဧပြီလက ပါလီမန်မှာ အယုံအကြည်မရှိအဆို မဲခွဲမှုနဲ့ ရာထူးဖြုတ်ချခံခဲ့ရတဲ့ ခရစ်ကတ်စတား တဖြစ်လဲ အစ္စလာမ်မစ်နိုင်ငံရေးသမား ခန် အတွက် ဒီစီရင်ချက်က နောက်ထပ်ထိုးနှက် ချက်တစ်ခုဖြစ်ခဲ့ပြီး သူဟာ လက်ရှိမှာလည်း အဂတိလိုက်စားမှုပြစ်မှုနဲ့ ထောင် ၃ နှစ် ကျခံနေရသူဖြစ်ပါတယ်။

ခန် ကို ထိန်းသိမ်းထားရာ ရာဝါပန်ဒီမြို့ရှိ အကျဉ်းထောင်မှ အထူးတရားရုံးက စီရင်ချက်ကို ကြေညာခဲ့တာဖြစ်တယ်လို့ ခန်ရဲ့ Pakistan Tehreek-e-Insaf (PTI) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဇူဖီကာ ဘူခါရီက ပြောဆိုပါတယ်။

ခန်နဲ့ သူ့လက်ထောက်အနေနဲ့ အင်္ဂါနေ့ တရားစီရင်ချက်အပေါ် အယူခံဝင်ခွင့်ရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ခန်ရဲ့ ရှေ့နေအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ်မာဘတ် တရားရုံးချုပ်သို့ အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေ နီးကပ်လာချိန်မှာ အခုတရားစီရင်ချက် ထွက်ပေါ်လာတာဖြစ်ပြီး ခန်ကတော့ ယခင် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်တွေကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပါတယ်။

သူ့အပေါ် စွဲဆိုခဲ့တဲ့ အမှုတွေဟာ ရွေးကောက်ပွဲနီးလာချိန်မှာ သူ့ကို ဘေးထုတ်ထားလိုတဲ့ အကြံအစည်ဖြစ်တယ်လို့ ခန်က ​တော့ပြောဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလမှာ ခန် ကို ဖမ်းဆီးခဲ့ပြီးနောက် ပါကစ္စတန်မှာ အစိုးရဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ယင်းအချိန်မှစကာ အာဏာပိုင်တွေက သူ့ကို ထောက်ခံသူတွေနဲ့ ပါတီကို ဖြိုခွင်းခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here