တိုက်ပွဲများကြောင့် သကြားစက်အများစု လည်ပတ်နိုင်ခြင်း မရှိသေးသလို တောင်သူများ ကြံမခုတ်နိုင်သေးဟုဆို

0
153

တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ သကြားစက်ရုံအများစုသည် လည်ပတ်နိုင်ခြင်းမရှိသေးသည့်အတွက် တောင်သူများအနေဖြင့် ကြံများခုတ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာ့ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘဘာလတွင် စတင်ဆောင်ရွက်လေ့ရှိသော်လည်း ယခုအခါ နယ်မြေမတည်ငြိမ်မှုများကြောင့် တောင်သူများအနေဖြင့် ကြံမခုတ်နိုင်သေးဘဲ ကြံခုတ်ရာသီလည်း ကျော်လွန်နေပြီဖြစ်သည်။

ကြံသီးနှံကို စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းဒေသများ၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် အဓိကစိုက်ပျိုးကြပြီး နိုင်ငံတစ်ဝန်းရှိ သကြားစက်ရုံပေါင်း (၂၃) ရုံမှ တစ်နှစ်ပျမ်းမျှ သကြားတန်ချိန် (၄)သိန်းခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်ဒေသတွင် ကြံစိုက်တောင်သူ ၆၀၀၀ ကျော်ရှိပြီး ကြံစိုက်ခင်းများမှ နှစ်စဉ်တန်ချိန် (၁၂) သိန်းခန့် ထွက်ရှိ​လေ့ရှိသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုဒေသတွင်လည်း သကြားစက်ရုံ (၄) ရုံရှိပြီး ယင်းအထဲတွင် ငွေရည်ပုလဲ၊ မိုင်ရည်ကြားစက်များ လည်ပတ်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ်မှာမှ ကြံတွေကဈေးကောင်းရတာ။ ဈေးကောင်းရတဲ့အချိန်ကျတော့ ကြံကမခုတ်နိုင်တော့ဘူး။ ရာသီလည်းကျော်သွားပြီ။ ထိခိုက်တာပေါ့”ဟု ကြံစိုက်တောင်သူတစ်ဦးကပြောသည်။

ယခုနှစ်ကြံရာသီ မတိုင်မီ ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် ကြံဈေး တိုးမြင့်ပေးကာ ဝယ်ယူလာကြပြီး  လက်ရှိပေါက်ဈေးအရ ကြံတစ်တန်လျှင် ငွေကျပ် ၁၁၀၀၀၀ အထိ စက်ရုံများက ပေးဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သကြားကို ဗီယက်နမ်နိုင်ငံတစ် နိုင်ငံတည်းကိုသာ တင်ပို့လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here