အလုံးစုံအောင်ပွဲ မရမချင်း ဂါဇာကနေ အစ္စရေးတပ်တွေ ထွက်ခွာမှာ မဟုတ်ဟု နေတန်ယာဟု ပြောကြား

0
147

အစ္စရေးနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာ ကြားဝင်စေ့စပ်ပေးသူတွေက တင်ပြလာတဲ့ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာရှိ ဓါးစာခံတွေ လွှတ်ပေးရေး အဆိုပြုချက်တစ်ခုကို သူတို့ လက်ခံရရှိခဲ့ပြီး သုံးသပ်လေ့လာမှု လုပ်နေတယ်လို့ ဟားမတ်စ်အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

သို့ပေမယ့်လည်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကတော့ အလုံးစုံအောင်ပွဲ မရမချင်း ဂါဇာကနေ အစ္စရေးတပ်တွေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ထပ်လောင်း ကတိပြုခဲ့ကြောင်းလည်း သိရပါတယ်။

အပစ်ရပ်စဲရေး အဆိုပြုချက်မှာ အဆင့်သုံးဆင့်ပါဝင်ပြီး ပထမဦးစွာ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေထဲက အရပ်သားတွေကို လွှတ်ပေးရမှာဖြစ်ကာ ယင်းနောက် စစ်သားတွေကို ပြန်လွှတ်ပေးဖို့နဲ့ နောက်ဆုံးအဆင့်မှာတော့ သေဆုံးခဲ့ပြီဖြစ်တဲ့ ဓါးစာခံတွေရဲ့ အလောင်းတွေကို ပြန်ပေးပို့ရမှာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့ အကြီးတန်း အရာရှိတစ်ဦးက ရိုက်တာသတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

ဒီအဆင့်တွေအတွက် အချိန်ဘယ်လောက် ယူရမယ်ဆိုတာကိုတော့ အမည်မဖော်လိုတဲ့ ယင်း အရာရှိက ပြောဆိုသွားခြင်း မရှိပါဘူး။

ဒါပေမဲ့ နိုဝင်ဘာလအနှောင်းပိုင်းက အချိန်တိုအတွင်း ပျက်ပြယ်သွားခဲ့တဲ့ ယာယီအပစ်ရပ်စဲမှုတစ်ခုနောက်ပိုင်းမှာ ဒါက ပထမဆုံး အပစ်ရပ်အဆိုပြုချက်ဖြစ်ပြီး နှစ်ဖက်စလုံးက ထည့်သွင်းစဉ်းစားမှုလုပ်လာတဲ့ အဆိုပြုချက်သစ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကာတာနိုင်ငံ ဝန်ကြီးချုပ်နဲ့ အစ္စရေး၊ အမေရိကန်၊ အီဂျစ်နိုင်ငံတို့မှာ ထောက်လှမ်းရေးမှူးချုပ်တွေ ပါဝင်တဲ့ ပါရီ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း အပစ်ရပ်စဲရေး အဆိုပြုချက် ထွက်လာတာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုရဲ့ လေးနက်တဲ့ အမှတ်အသားအဖြစ် ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယက်က ဆွေးနွေးမှုလုပ်ဖို့အတွက် သူ ကိုင်ရိုကို သွားရောက်မယ်လို့ ပြောဆိုခဲ့ပြီး ဒါဟာ တစ်လကျော်ကာလအတွင်း သူ့ရဲ့ ပထမဆုံး လူသိရှင်ကြား ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

သို့ပေမယ့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အလုံးစုံ အောင်ပွဲ မရမချင်း ဂါဇာကနေ တပ်တွေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ထပ်လောင်း ကတိပြုခဲ့တာကြောင့် စစ်ပွဲ ယာယီရပ်စဲရေးအတွက် လိုလားချက်တွေမှာ နှစ်ဖက်ကွာဟချက် ကြီးမားတယ်ဆိုတာကို သတိပေးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here