တရုတ်ကျူးကျော်မှု အန္တရာယ်ကို ကာကွယ်ဖို့ ထိုင်ဝမ်က စစ်ရေးလေ့ကျင့်

0
203

တရုတ်ရဲ့ ရုတ်တရက် တိုက်ခိုက်လာမှုမျိုးအား လက်တွေ့ ဟန့်တားကာကွယ်ရေးအတွက် ထိုင်ဝမ်စစ်တပ်က ယခုသီတင်းပတ်အတွင်း ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှု နှစ်ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မကြာခင်က တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ ဒေသတစ်ခုလုံးကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်သော ပဋိပက္ခတစ်ခု ပေါ်ပေါက်စေမယ့် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆန်လီဖန်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“အရေးမပါတဲ့ တစ်ဖက်သတ်လုပ်ရပ်တွေဟာ ထိုင်ဝမ်ရေလက်ကြားဒေသမှာ တင်းမာမှုတွေ အရှိန်မြင့်လာဖို့နဲ့ တည်ငြိမ်မှု ပျက်ပြားသွားစေဖို့ရာ အရမ်းလွယ်ကူပါတယ်၊ ဒါကြောင့် တရုတ်ကွန်မြူနစ်တွေအနေနဲ့ ဒီယုတ်ညံ့တဲ့ လုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်သင့်ပါတယ်” လို့ သူက ပြောဆိုပါတယ်။

လူဦးရေ ၂၃ သန်းခန့်ရှိရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဒေသကို တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ပေကျင်းရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိလာရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ကာလကြာရှည် သဘောထားကွဲလွဲမှုဟာ အမေရိကန်-တရုတ် ဆက်ဆံရေးရဲ့ အဓိက အရေးကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။

ထိုင်ဝမ်အရှေ့ပိုင်း Taitung ကောင်တီရှိ စစ်အခြေစိုက်စခန်းတစ်ခုမှာ တရုတ်က တိုက်ခိုက်လာတဲ့ အသွင်တူ စစ်ရေးလေ့ကျင့်မှုကို သတင်းသမားတွေ ကြည့်ရှုခွင့်ရခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကိုယ်စားပြုတဲ့ ခမောက်နီ​ဆောင်း တပ်ဖွဲ့ဝင်တွေက လေထီးခုန်ဆင်းနေချိန်မှာ ထိုင်ဝမ် စစ်တပ်ရဲ့ ဒရုန်းတွေက ဝေဟင်မှာ တဝီဝီပျံဝဲလျက်ရှိခဲ့ပါတယ်။ ယင်းနောက် မကြာခင်မှာ ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေ လေ့ကျင့်လေးအစီအစဉ်ကို ဝင်ရောက်လာခဲ့ပြီး တင့်ကားတွေ၊ ဒုံးကျည်တွေသုံးကာ တုန့်ပြန်တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီမှာ အဆုံးသတ်တဲ့ ၂၄ နာရီကြာ လေ့ကျင့်ရေးအစီအစဉ်ကာလအတွင်း ထိုင်ဝမ်ဝန်းကျင်မှာ တရုတ် စစ်လေယာဉ် ခုနစ်စင်းနဲ့ ရေတပ်သင်္ဘော လေးစင်းကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်မြောက်ပိုင်ကမ်းလွန်ဒေသမှာ တရုတ် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိခဲ့တယ်လို့လည်း ဝန်ကြီးဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here