အမေရိက နှင့်ဂျပန် ရေတပ်စစ်ရေး ပူးတွဲ လေ့ကျင့်

0
214

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁

တရုတ်နှင့်မြောက်ကိုရီးယားတို့နှင့် တင်းမာမှုများမြင့်တက်လာနေချိန်၌ အင်အားပြသသည့်အနေဖြင့် အမေရိကန်နှင့်ဂျပန်ရေတပ်များသည် ဖိလစ်ပိုင်ပင်လယ်အတွင်း၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဝါရှင်တန်နှင့်ပေကျင်းတို့သည် ချစ်ပ်ပြားများနှင့်အကောက်ခွန်စည်းကြပ်ခြင်းအထိ ပြဿနာများစွာ၌ ထိပ်တိုက်ရင်ဆိုင်နေကြရသော်လည်း ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်စစ်တပ်၏ အင်အားကြီးမားလာမှုကြောင့် နှစ်ဖက်တင်းမာမှုပိုမိုမြင့်တက်လာခဲ့သည်။

အမေရိကန်ရေတပ်ဗိုလ်ချုပ် Carlos Sardiello ကမူ ယခုစစ်ရေးလေ့ကျင့်မှုသည် ကြီးမားသည့်လေ့ကျင့်မှုတစ်ခုဖြစ်ကြောင်းဆိုခဲ့ပြီး ယခုလေ့ကျင့်မှု၌ အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်းနှင့် ကျန်သင်္ဘော တစ်ဒါဇင်ခန့်ပါဝင်ကြောင်းလည်းဆိုခဲ့သည်။

တရုတ်သည်ထိုင်ဝမ်အား၎င်း၏ ပိုင်နက်ဟုအခိုင်အမာဆိုထားပြီး လိုအပ်ပါကအင်အားသုံးမည်ဟုဆိုကာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိသဖြင့် ဂျပန်အာဏာပိုင်များသည် ထိုင်ဝမ်အနီး၎င်း၏ကျွန်းများရှိ ပြည်သူများအား အရေးပေါ်အခြေအနေ၌ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနိုင်မည့် အရေးပေါ်အစီအစဉ်အား အရှိန်မြှင့်လုပ်ဆောင်နေသည်ဟုသိရသည်။

ပေကျင်းနှင့်မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးများတိုးမြင့်လာသကဲ့သို့ ဂျပန်၊တောင်ကိုရီးယားနှင့်အမေရိကန်တို့သည်လည်း ၎င်းတို့သုံးနိုင်ငံအကြားဆက်ဆံရေးအား အလေးထားတိုးမြှင့်ခဲ့ကြသည်။

သို့သော် တိုကျိုနှင့်ဆိုးလ်တို့သည် ပေကျင်းနှင့်ဆက်ဆံရေးကိုပါ မြှင့်တင်ရန်ကြိုးပမ်းခဲ့ပြီး ၎င်းတို့သုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလ၌ မကြာမီကျင်းပမည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲအား အရှိန်မြှင့်ရန်ပါသဘောတူညီခဲ့ကြသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here