မြောက်ကိုရီးယားက အနောက်ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အ​မြောက်အများပစ်လွှတ်ပြန်

0
216

ဆိုးလ်၊ဖေဖော်ဝါရီ ၂

ကင်မ်ဂျုံအန်းအစိုးရသည် စစ်ရေးပြင်ဆင်မှုများကို အရှိန်မြှင့်၍ လုပ်ဆောင်နေချိန် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြောက်ကိုရီးယားက အနောက်ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အမြောက်အများကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ တစ်စတစ်စမြင့်တက်လာနေသည့် စစ်ရေးအခြေအနေများအပေါ် တောင်ကိုရီးယားအနေဖြင့် အမေရိက နှင့်ပူးပေါင်းကာ စောင့်ကြည့်ထောက်လှမ်းမှုများအား အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ဟုလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နျူကလီယား လက်နက်ပိုင်ဆိုင်သောမြောက်ကိုရီးယားသည် မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်စမ်းသပ်မှုကိုပြုလုပ်ပြီး သုံးရက်အကြာ၌ ယခုပစ်လွှတ်မှုအားထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့ကလည်း ရေငုပ်သင်္ဘောမှမဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်အမျိုးအစားအသစ် Pulhwasal – 3 – 31 နှစ်စင်း၏ပစ်လွှတ်မှုကိုလည်းကြီးကြပ်ခဲ့သည်။

ထို့ပြင် ပြုံယမ်းသည် ယခုလတွင် ရေအောက်နျူကလီးယားလက်နက်စနစ်နှင့် အစိုင်အခဲလောင်စာသုံး အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ်ပဲ့ထိန်းဒုံးကျည်ကိုလည်းစမ်းသပ်ခဲ့သည်ဟုပြောကြားခဲ့သည်။ သို့သော် ပဲ့ထိန်းဒုံးကျည်များနှင့်မတူသည့်အချက်မှာ မြောက်ကိုရီးယား၏ ခရုဇ်ဒုံးကျည်စမ်းသပ်မှုများသည် ကုလသမဂ္ဂ၏ပိတ်ဆို့ဒဏ်ခတ်မှုတွင်မပါဝင်ခြင်းပင်ဖြစ်သည်။

သုံးသပ်သူများ၏သတိပေးချက်၌မူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်၌အသုံးပြုရန် ရုရှားထံသို့ အဆိုပါခရုဇ်ဒုံးကျည်များမပေးပို့မီ စမ်းသပ်မှုပြုလုပ်ခြင်းမျိုးလည်းဖြစ်နိုင်သည်ဟုဆိုခဲ့ပြီး အမေရိကနှင့်ဆိုးလ်တို့ကမူ မြောက်ကိုရီးယားသည် ရုရှားသို့လက်နက်ထောက်ပံ့နေသည်ဟုအခိုင်အမာဆိုထားကြသည်။

ယခုနောက်ဆုံးပြုလုပ်သည့်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်၏ စစ်ပြင်ဆင်မှုကာလအတွင်း ရေတပ်အင်အားမြှင့်တင်ရေးခရီးစဉ်အဖြစ် နိုင်ငံ၏စစ်သင်္ဘောများတည် ​ဆောက်ရာ သင်္ဘောကျင်းသို့သွားရောက်စစ်ဆေးပြီးနောက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

မကြာသေးမီကာလအတွင်းကလည်း ကင်မ်သည် တောင်ကိုရီးယားနှင့်ရင်ကြားစေ့ရေးကိစ္စများအားလုံးကို တရားဝင်ရပ်ဆိုင်းလိုက်ကြောင်းကြေငြာခဲ့ပြီး ဆိုးလ်အား ပြုံယမ်း၏ ရန်သူအဖြစ်သာသတ်မှတ်ကာ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါပြင်ဆင်ရန်ညွှန်ကြားခဲ့သည်။

ထို့ကြောင့်ပင် ပြုံယမ်း၏စစ်ရေးခြိမ်းခြောက်မှုများကို ကူညီကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၃၀,၀၀၀ ခန့်အား တောင်ကိုရီးယား၌စခန်းချထားကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here