တရုတ်သူလျှိုဟုယူဆပြီး ထိန်းသိမ်းထားသည့် ခိုအား အိန္ဒိယပြန်လွှတ်ပေး

0
185

နူးဒေလီ၊ဖေဖော်ဝါရီ ၂

တရုတ်သူလျှိုဟုယူဆခံရသဖြင့် အိန္ဒိယရဲများ၏ထိနိးသိမ်းမှုအောက်တွင် ရှစ်လကြာနေထိုင်ခဲ့ရသည့် ခိုတစ်ကောင်အား သူလျှိုမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိရပြီဖြစ်သဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ငှက်အား ၎င်း၏တောင်ပံများပေါ်၌ တရုတ်စာလုံးပုံစံခပ်ဆင်ဆင်ဖြင့်ရေးသားထားသည့် စာတန်းဖြင့် အိန္ဒိယစီးပွားရေးမြို့တော် မွန်ဘိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း Times of India သတင်းစာတွင်ဖော်ပြခဲ့သည်။

“အစပိုင်းမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ အဲ့ဒီခိုကို တရုတ်သူလျှိုလို့ယူဆပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေအရ မဟုတ်ဘူးဆိုတာသိလို့ ပြန်လွှတ်ပေးလိုက်ပါပြီ” ဟုလည်းရေးသားထားသည်။

ရဲများစုံစမ်းစစ်ဆေးနေစဉ်ကာလတစ်လျှောက်လုံး အဆိုပါငှက်အား လှောင်အိမ်ဖြင့်ဖမ်းဆီးထိန်းသိမ်းကာ မြို့တော်ဆေးရုံ၌ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းလည်းဖော်ပြထားသည်။

ယခုပြန်လွှတ်ပေးချိန်တွင် အဆိုပါငှက်သည် ကျန်းမာရေးကောင်းကောင်းမွန်မွန်ဖြင့် ပျံသန်းသွားသည်ဟုဆိုပြီး ယခုခိုသည် အိန္ဒိယရဲတပ်ဖွဲ့မှ သူလျှိုလုပ်မှုဖြင့်ထိန်းသိမ်းခံရမှုများအနက် နောက်ဆုံးငှက်တစ်ကောင်လည်းဖြစ်သည်ဟုသိရသည်။

၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယ၏ အဓိကပြိုင်ဘက် ပါကစ္စတန်နယ်စပ်အနီးတွင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီထံ ခြိမ်းခြောက်စာတစ်စောင်သယ်ဆောင်လာသည့် ခိုတစ်ကောင်အား နယ်စပ်လုံခြုံရေးအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါဒေသ၌ပင် ၂၀၁၀ ပြည့်နှစ်တွင် အခြားခိုတစ်ကောင်သည် ခြေ၌ကွင်းတစ်ကွင်းဖြင့် ပါကစ္စတန်ဖုန်းနံပါတ်နှင့်လိပ်စာအားကိုယ်ပေါ်တွင် မှင်နီဖြင့်တံဆိပ်ခတ်ထားသည်ကိုတွေ့ရှိရပြီးနောက် လက်နက်ကိုင်အစောင့်အကြပ်များ၏ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရသေးသည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here