အမေရိကန်က အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေကို လက်တုန့်ပြန်တိုက်ခိုက်မှု စတင်

0
171

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျော်ဒန်နိုင်ငံမှာ ဒရုန်းတိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သားသုံးဦး သေဆုံးခဲ့ရမှုကို လက်တုန့်ပြန်မှုအဖြစ် အမေရိကန် စစ်တပ်က အီရတ်နဲ့ ဆီးရီးယားနိုင်ငံများရှိ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေနဲ့ အီရန် တော်လှန်ရေးအစောင့်တပ်(IRGC) က သုံးနေတဲ့ နေရာ ဒါဇင်နဲ့ချီကို သောကြာနေ့(ဖေဖော်ဝါရီ ၂) မှာ လေကြောင်းတိုက်ခိုက်မှုတွေ စတင်လိုက်ကြောင်း သိရပါတယ်။

အကြီးစား လက်တုန့်ပြန်တိုက်ခိုက်မှုမှာ အမိန့်ပေး ကွပ်ကဲရေးဋ္ဌာနချုပ်တွေ၊ ထောက်လှမ်းရေးစင်တာတွေ၊ ရော့ကက်၊ ဒုံးကျည်၊ ဒရုန်းနဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံနေရာတွေ၊ အခြားအဆောက်အအုံတွေ အပါအဝင် ပြည်သူ့စစ်တွေ သို့မဟုတ် IRGC ရဲ့ Quads တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ တည်နေရာ ခုနစ်ခုရှိ ပစ်မှတ် ၈၅ ခုကျော်ကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ခိုက်မှုတွေ ထပ်လာဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရှင်းလင်း ပြတ်သားစွာ ပြောဆိုပါတယ်။ “ဒီနေ့မှာ ကျွနိုပ်တို့ရဲ့ တုန့်ပြန်မှု စတင်လိုက်ပါပြီ၊ ကျွနု်ပ်တို့ ရွေးချယ်တဲ့ အချိန်နဲ့ နေရာအရ တိုက်ခိုက်မှုတွေ ဆက်ရှိလာမှာပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ကမ္ဘာ့ အခြားနေရာတွေမှာ ပဋိပက္ခရှာတာမျိုး မလုပ်ပေမယ့် အမေရိကန်တစ်ဦးကို ထိခိုက်လာပါက လက်တုန့်ပြန်မယ်ဆိုတာကို မိမိတို့အား အန္တရာယ်ပြုဖို့ ကြိုးပမ်းနေသူများကို သိစေလိုကြောင်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ပဋိက္ခတွေ အရှိန်မြင့် မဖြစ်ပေါ်လာရေး ကာကွယ်မှုအဖြစ် အမေရိကန်ဟာ အီရန်နိုင်ငံ သို့မဟုတ် ယင်းတို့ နယ်နိမိတ်တွင်းရှိ အစောင့်တပ်ရဲ့ Quds တပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို တိုက်ရိုက်ပစ်မှတ်ထားခြင်းမျိုးကို ရှောင်ရှားခဲ့ပုံရပါတယ်။ အမေရိကန်စစ်သားတွေ သေဆုံးခဲ့တဲ့ ဂျော်ဒန်တိုက်ခိုက်မှုဟာ ၎င်းတို့ ပတ်သက်ဆက်နွယ်ခြင်း မရှိဘူးလို့ အီရန်က ငြင်းဆိုထားပါတယ်။

Ref: AP, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here