ယခုလအတွင်း ကျင်းပမည့် “ ရွှေမြွေဟောက် “ စစ်ရေးလေ့ကျင့်မှုမှာ မလေးရှားတပ်ဖွဲ့ဝင်တွေ ပါဝင်မည်

0
193

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁၀ ရက်အထိ ပြုလုပ်သွားမယ့် ၄၃ ကြိမ်မြောက် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ မှ တပ်ဖွဲ့ဝင်တွေနဲ့အတူ မလေးရှားနိုင်ငံကလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှဒေသမှာပြုလုပ်တဲ့ ယင်း စစ်ရေးလေ့ကျင့်ပွဲဟာ ကမ္ဘာ့သက်တမ်း အရှည်ဆုံးနဲ့ အကြီးဆုံး နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တော်ဝင်လက်နက် ကိုင် တပ်ဖွဲ့နဲ့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဋ္ဌာနချုပ်တို့ ပူးတွဲပြုလုပ်တဲ့ ယခုနှစ်ရဲ့ စစ်ရေးလေ့ကျင့်မှုသို့ နိုင်ငံပေါင်း ၃၀ မှ စစ်သည် ၉၅၉၀ ဦး ပါဝင်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဟာ ပါဝင်တဲ့ မဟာမိတ်များအကြား ကောင်းမွန်တဲ့ စစ်ရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးမျိုးသော အရေးပေါ်အခြေအနေတွေမှာ စည်းရုံးမှုအားနဲ့ ဘက်စုံလုပ်ငန်း ဆောင်တာတွေ၊ ပူးတွဲလုပ်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ အားကောင်းစေရန်၊ နိုင်ငံစုံတပ်ဖွဲ့များဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း လက်တွေ့လေ့ကျင့်ရန်ကို ရည်ရွယ်ပါတယ်။

ယခုနှစ်နဲ့ပါဆိုရင် ​​ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာ မလေးရှားနိုင်ငံက ခုနစ်ကြိမ်မြောက် ပါဝင်ခြင်းဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဆမ်ဆူလ် ရီဇယ်လ်က ပြောဆိုပါတယ်။

“ဒီနှစ် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုမှာ မလေးရှား လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၀ ခန့် ပါဝင်သွားမှာဖြစ်ပါတယ်” လို့ သူက ဘနားမားနေ့စဉ်သတင်းကို ပြောဆိုပါတယ်။

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာ မလေးရှားနဲ့အတူ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ အပြည့်အ၀ ပူးပေါင်းပါဝင်တဲ့ နိုင်ငံတွေဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ်ရဲ့ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း လုံခြုံရေးနဲ့ အားလုံးပါဝင်သော သာယာဝပြောရေးအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Robert F. Godec က ပြောဆိုသွားပါတယ်။

Ref: The Star


LEAVE A REPLY

Please enter your comment!
Please enter your name here