အမြောက်တပ်ဖွဲ့အား နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် ခေတ်မီလက်နက်ခဲယမ်းများ တပ်ဆင်ပေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

0
293

ဖေဖေါ်ဝါရီ (၃) ရက်က နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက်စိန်ရတု အမြောက်တပ်ဖွဲ့နေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခေတ်မီအမြောက်လက်နက်များ၊ ခဲယမ်းများနှင့်အမြောက် တပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့လည်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

အမြောက်တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်းကမ်းကောင်းမွန်သည့်အစဉ်အလာကောင်းများ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အမြောက်တပ်ဖွဲ့ကို ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်တွင် ဗိုလ်ကြီး ရဲထွန်းနှင့် စစ်သည် (၆၃) ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ဆိုပါက (၇၅)နှစ်ဆိုသည့်စိန်ရတုကာလကိုရောက်ရှိခဲ့ပြီ ဖြစ်သည်။

နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရာတွင်လည်းအမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက် ကာလအထိ “လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည်အရေအတွက် ကျရောက် ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာ ပ-စ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့၏ မူလတာဝန်များကို သာမက တပ်မတော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ် မုန်တိုင်း၊ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းများအပြင် နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစား အမြောက်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here