ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထား

0
175

မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၉ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၀၁ ဘီလီယံကျော်ရရှိထားပြီး နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၃၂၁ ဒသမ ၁၀၄ သန်းလျော့ကျခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသော ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အမျိုးသား ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိက ဦးစားပေးကဏ္ဍတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအားတရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here