UNHCR က ရှမ်းတောင်ရှိ စစ်ဘေးရှောင် (၃,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ပေးပို့ ကူညီ

0
204

ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) က ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ စစ်ဘေးရှောင်ပြည်သူ (၃,၂၀၀)ဦးအတွက် ယခုလတွင် စားနပ်ရိက္ခာများပေးပို့ ကူညီလျှက်ရှိကြောင်း သိရသည်။

ထိုသို့ ပေးပို့ကူညီရာတွင် ဖျာများ၊ စောင်များ၊ ခြင်ထောင်၊ ရေပုံး၊ ရေပုံးပျော့၊ မီးဖိုချောင်သုံး ပစ္စည်းစုံ၊ တစ်ကိုယ်ရည်သုံးပစ္စည်းစုံ၊ ဆိုလာမီးအိမ်နှင့် အခြားစားနပ် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများအတွက်လည်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့မှ နေရပ်စွန့်ခွာလာသူများသည် ညောင်ရွှေမြို့ရှိ ဇရပ်၊ စေတီ၊ ဘုန်းကြီးကျောင်းနှင့် မြေကွက်လွတ်များတွင်တဲထိုး၍ နေထိုင်‌နေကြပြီး လူဦးရေ (၅၀၀) နီးပါးခန့် ရှိကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးက ဆိုသည်။

” အဆင်ပြေတဲ့ နေရာမှာ သူ့အစုနဲ့သူ တဲထိုးနေကြတာပေါ့။ ဒီမှာရှိတဲ့ဒေသခံတွေကလည်း ကူညီပေးကြပါတယ်။ အဓိက ကတော့ ရာသီဥတုအရ ဖျားနာနေတဲ့ ကလေးတွေ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးလိုအပ်တယ်။ အမျိုးသမီးလစဉ်သုံးလိုဟာတွေလည်း လိုတယ်ကြားတယ်။ ဒေသခံတွေကတော့ ကူညီကြမှာပါ”ဟု ၎င်း ကဆိုသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအပါအဝင် စစ်ဘေးရှောင် (၁၀,၀၀၀)ကျော်ခန့် နေထိုင်ကြပြီး၊ ဆီဆိုင်တိုက်ပွဲများကြောင့် နောက်ထပ် စစ်ရှောင်များလည်း တိုးလာနိုင်ဖွယ်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်မှုများလည်းရှိနေသည်။

ဓာတ်ပုံ -UNHCR


LEAVE A REPLY

Please enter your comment!
Please enter your name here