ဒေါ်လာငွေလဲနှုန်းကြောင့် နိုင်ငံခြားဖြစ် ဆေးဝါးများ သုံးဆနီးပါး ဈေးမြင့်တက်လာပြီး နာတာရှည်ရောဂါသည်များသုံးစွဲသည့် ဆေးဝါးများပြတ်လပ်နေ

0
238

ပြည်ပမှတင်သွင်းရသည့် နိုင်ငံခြားဖြစ် ဆေးဝါးများသည် ဒေါ်လာငွေလဲနှုန်းကြောင့် ဈေးသုံးဆနီးပါးမြင့်မှုလာရှိသလို နာတာရှည်ရောဂါသည်များ သုံးစွဲနေရသည့် ဆေးဝါးအချို့ ဈေးကွက်အတွင်း ပြတ်လပ်မှုများရှိနေကြောင်း ရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

မြန်မာ့ဆေးဝါးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်နေခြင်းဖြစ်သည်။

“အခုအချိန်ထိ အကျမရှိသေးဘူး။ ဆေးဝါးအချို့က ဈေးကွက်ထဲမှာ ပစ္စည်းပြတ်နေတယ်။ အထူးသဖြင့် နာတာရှည် ရောဂါသမားတွေသုံးတဲ့ဆေးတွေ။ဈေးက အမြဲတမ်းလိုလို တက်နေတော့ လူသုံးများတဲ့ ဆေးဝါး တချို့ကိုတောင် ဝယ်မတင်နိုင်တော့ဘူး”ဟုဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယခင်က လက်လီဈေးကွက်အတွင်း ဆီးချို၊ သွေးတိုး ရောဂါဆေးများသည် အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် ၉၀၀၀ ကျပ် နီးပါး ရောက်ရှိနေကာ ယခင်က ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိသည့် နှလုံးရောဂါ သောက်ဆေးသည်လည်း လက်ရှိတွင် ကျပ် ၃၀၀၀၀ ကျော်အထိ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် ၂ သန်းကျော်မှာ နာတာရှည်ရောဂါရှိသူများဖြစ်ပြီး ဆေးဝါး ပုံမှန်သောက်သုံးမှသာ ရောဂါအခြေနေကို ထိန်းထားနိုင်သည့် အတွက် ဈေးနှုန်း မြင့်တက်နေသော်လည်း ဝယ်သောက်နေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားဖြစ်ဆေးဝါးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး တင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၃၅၄၀ အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here