မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရာမှာ ထောက်ခံကူညီဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အီးယူကို တောင်းဆို

0
124

မြန်မာနိုင်ငံ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရာမှာ အီးယူအနေနဲ့ ထောက်ခံကူညီပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဥရောပ သမဂ္ဂ(အီးယူ) ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

သောကြာနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ ၂၄ ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးမှာ သူက ယင်းသို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာကို စမ်းသပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ရင်ဆိုင်နေရစဉ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် စုပေါင်းချဉ်းကပ်မှုလုပ်ဆောင်ကြဖို့ အာဆီယံနဲ့ အီးယူအကြား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း မစ္စတာ Parnpree က တောင်းဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံရှိ အင်အားစုအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ပေါ်လာရေး ပထမခြေလှမ်းအဖြစ် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အီးယူက ထိုင်းနိုင်ငံကို ပံ့ပိုးကူညီမယ်လို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖြေတစ်ခုရှာဖွေရေး မျှော်လင့်ပါကြောင်းလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မစ္စတာ Parnpree က ပြောဆိုခဲ့ပါတယ်။

“အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အာဆီယံနဲ့ အီးယူ အတူတကွ လုပ်ဆောင်ရပါမယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အာဆီယံ-အီးယူ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကမ္ဘာတစ်ဝန်းက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မိမိတို့ရဲ့ သံန္နိဋ္ဌာန်ကို ပြသဖို့ လိုအပ်တယ်လို့လည်း သူက ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here