အပြည့်အ၀ လွတ်ငြိမ်းခွင့် မရခဲ့တာကြောင့် နာဂျစ် အလွန့်အလွန် စိတ်ပျက်နေဟု သမီးဖြစ်သူ ပြောကြား

0
116

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အနေနဲ့ သူ့ပြစ်ဒဏ်အပေါ် အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့် မရခဲ့မှုအတွက် အလွန့်အလွန် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ သမီးဖြစ်သူ နိူယာနာ နာဂျစ်က ပြောဆိုပါတယ်။

လွတ်ငြိမ်းခွင့်ဆိုင်ရာ ဘုတ်အဖွဲ့က နာဂျစ်ရဲ့ ပြစ်ဒဏ်ကို အပြည့်အ၀ လွတ်ငြိမ်းခွင့်မပြုဘဲ သက်ညှာလျှော့ပေါ့ပေးခဲ့ပြီးနောက်ပိုင်း Sungai Buloh အကျဉ်းထောင်ရှိ ဖခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံခဲ့စဉ် ဖခင်က သူမကို အထက်ပါအတိုင်း ပြောခဲ့တာဖြစ်တယ်လို့ ယာနာလို့ လူသိများတဲ့ မစ္စ နိူယာနာက ပြောဆိုခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှုဆိုင်ရာ ပြစ်ဒဏ် ၁၂ နှစ်ကို ၆ နှစ်သို့ ထက်ဝက်လျှော့ချလိုက်တဲ့ ဘုတ်အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂ ရက် ဆုံးဖြတ်ချက် စာရွက်စာတမ်းကို ကိုင်ဆောင်ထားရင်း ဖခင်က ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

နာဂျစ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေ ရင်းဂစ် ၂၁၀ သန်းကိုလည်း သန်း ၅၀ သို့ လျှော့ချပေးထားတာဖြစ်ပြီး သူ့အနေနဲ့ ယင်း ဒဏ်ငွေကို ပေးဆောင်မယ်ဆိုရင် ၂၀၂၈ ခုနှစ် သြဂုတ် ၂၃ ရက်မှာ ထောင်ကနေ လွတ်မြောက်မှာဖြစ်ပါတယ်။

သူ့ပါတီဖြစ်တဲ့ Umno ကတော့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစာမှုရှိကြောင်း သို့ပေမယ့် နာဂျစ်ကို ထောင်က လွှတ်မပေးမချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Umno ပါတီရဲ့ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ မစ္စနိူယာနာက သူမရဲ့ ဖခင်ဟာ လွတ်ငြိမ်းခွင့်ဆိုင်ရာ ဘုတ်အဖွဲ့ရဲ့ အပြီးသတ်ဆုံးဖြတ်ချက် ထွက်မလာခင် ၅ ရက်အလိုကတည်းက ရလဒ်နဲ့ ပတ်သက်လို့ အရမ်းမျှော်လင့်ထားခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here