ကမ္ဘာကြီး နေရောင်ခြည်နှင့် ထိတွေ့မှုကို ကာကွယ်မည့် ဧရာမ ထီးကြီးများ အာကာသထဲသို့ လွှတ်တင်မည်

0
172

ကမ္ဘာကြီး နေရောင်ခြည်နှင့် ထိတွေ့မှုကို လျှော့ချရန်နှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် ကြီးမားသောထီးများကို ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အာကာသထဲသို့ လွှတ်တင်လိုကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာကြီးက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

ကမ္ဘာမြေမှလက်ခံရရှိသော နေရောင်ခြည်၏ ပြင်းအားကို သိသာစွာလျှော့ချနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှုအချို့ကို လျော့ပါးသက်သာစေရန်အတွက် ကြီးမားသော အကာအရံများကို အာကာသအတွင်း နေရာချထားနိုင်ကြောင်း သိပ္ပံပညာရှင်များက ယူဆထားကြသည်။

ကမ္ဘာကြီးနှင့် နေရောင်ခြည် ထိတွေ့မှုကို တားဆီးရန်အတွက် နေကာထီးတစ်ခုသည် အာဂျင်တီးနားနိုင်ငံ၏ အရွယ်အစားမျှ၊ ခန့်မှန်းခြေအားဖြင့် အရွယ်အစား ဧရိယာ စတုရန်းမိုင် တစ်သန်းနီးပါး ရှိပြီး အလေးချိန် တန်ချိန် ၂ ဒသမ ၅ သန်း ရှိရမည် ဖြစ်သဖြင့် ယင်းအယူအဆကို လက်တွေ့စမ်းသပ်ရန်အတွက် စတုရန်းပေ ၁၀၀ ခန့် အရွယ်အစားရှိ ထီးတစ်ခုကို ပထမဦးစွာပြုလုပ်ကာ အာကာသထဲလွှတ်တင်၍ လေ့လာရန် သိပ္ပံပညာရှင်များက စဉ်းစားနေကြသည်။ ထိုသို့လေ့လာရန်အတွက်ကိုပင် ရန်ပုံငွေ ဒေါ်လာ ၁၀သန်း မှ ဒေါ်လာ သန်း ၂၀ ခန့် လိုအပ်ကြောင်း သိရသည်။

Technion-Israel Institute of Technology ရှိ Asher Space Research Institute ၏ ဒါရိုက်တာ ရူပဗေဒပါမောက္ခ ယိုရမ်ရိုဇင် သည် အဆိုပါ စိတ်ကူးကို တွန်းအားပေးသည့် သိပ္ပံပညာရှင်အဖွဲ့ကို ဦးဆောင်နေကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာကြီးက ဖော်ပြခဲ့သည်။ အာဂျင်တီးနားနိုင်ငံအရွယ်အစားရှိ နေရောင်ကာထီးသည် အာကာသထဲသို့ လွှတ်တင်ရန် မဖြစ်နိုင်လောက်အောင် ကြီးမားသောကြောင့်၊ ကမ္ဘာဂြိုဟ်သို့ရောက်ရှိလာသော နေရောင်ခြည်ပြင်းအားကို ဟန့်တားမည့် သေးငယ်သော အကာအရံထီးများ တည်ဆောက်ရန် ယိုရမ်ရိုဇင် နှင့် အဖွဲ့က မျှော်လင့်နေသည်။

ပါမောက္ခ ယိုရမ်ရိုဇင် နှင့်သူ၏အဖွဲ့သည် ရှေ့ပြေးပုံစံကို ဒီဇိုင်းရေးဆွဲနေဆဲဖြစ်သော်လည်း လိုအပ်သောရန်ပုံငွေများရရှိပြီး သုံးနှစ်ခန့်အတွင်းတွင် ၎င်းကိုတည်ဆောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ အရွယ်အစားပြည့် အကာအရံ ထီးတစ်ခုသည် ဒေါ်လာ ထရီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ပြီး ယင်းကုန်ကျစရိတ်ကို ကမ္ဘာ့နိုင်ငံများစွာထံမှ ကောက်ယူရဖွယ်ရှိကြောင်း ယိုရမ်ရိုဇင်က နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ကမ္ဘာကြီးကို ကယ်တင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာကို ပြမယ်” ဟု ပါမောက္ခ ယိုရမ်ရိုဇင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here