အိန္ဒိယမှာ မီးရှူးမီးပန်း စက်ရုံတစ်ခု အကြီးစားပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိ

0
159

အိန္ဒိယနိုင်ငံ မာဒယာပရာဒေ့ရှ် ပြည်နယ် ဟာဒါခရိုင်ရှိ တရားမဝင် မီးရှူးမီးပန်းစက်ရုံတစ်ခုမှာ အကြီးစားပေါက်ကွဲမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးကာ ဒါဇင်များစွာဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဟာဒါခရိုင် ဘိုင်ရာဂတ်ကျေးရွာက စက်ရုံမှာဖြစ်ပွားခဲ့တဲ့ ယင်းပေါက်ကွဲမှုရဲ့ ပြင်းအားဟာ အချင်းဝက် ၁၅ ကီလိုမီတာဝန်းကျင်အထိ သက်ရောက်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ မှန်ပြတင်းပေါက်တွေ ကွဲထွက်ကုန်ပြီး ပေါက်ကွဲမှုရဲ့ တုန်ခါမှုကြောင့် လူတွေ အထိတ်တလန့်တိုးဝှေ့ထွက်ပြေးမှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးရသူတွေထဲက အချို့ဟာ မီးတောက်တွေကြောင့် ကစဉ့်အလျားထွက်ပြေးကြရင်း တိုးဝှေ့တက်နင်းမိကြရာမှ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ဟာ အလွန်ဝမ်းနည်းဖွယ်ရာသတင်းဖြစ်ကြောင်း မာဒ်ယာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် မိုဟန်ယာဒေ့ဗ်က ဆိုခဲ့ပြီး အနီးအနားရှိ ဆေးရုံတွေကို အပူလောင်ဒဏ်ရာဆိုင်ရာ ဆေးဝါးတွေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောဆိုပါတယ်။ ဖြစ်စဉ်မှာ သေဆုံးဦးရေ တိုးလာဖွယ်ရှိနေတယ်လို့ ခရိုင်အကြီးတန်းရဲအရာရှိ ရာဂျက်ရှ်ဝါရီ မဟိုဘီယာက AFP ကို ပြောဆိုခဲ့ပါတယ်။

အနီးဝန်းကျင်ဧရိယာတွေမှ လူနာတင်ယာဉ်တွေကို ဟာဒါမြို့သို့ အရေးပေါ်စေလွှတ်ထားပြီး စစ်တပ်ကိုလည်း ရဟတ်ယာဉ်တွေ စီစဉ်ထားပေးဖို့ ဆက်သွယ်ထားကြောင်း ယာဒေ့ဗ်က X မှာ တင်ခဲ့ပါတယ်။ စင်တာအတွင်း သေကြေထိခိုက်ထားသူတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဟာဒါခရိုင်ဆေးရုံမှ ခွဲစိတ်ဆရာဝန် ဒေါက်တာ မာနစ်ရှ် ရှာမာက ပြောဆိုပါတယ်။

စက်ရုံရှိ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ခရိုင်အကြီးတန်းအရာရှိ ကိုင်လက်ရှ် ချန်ဒီပါတေးက ပြင်းထန်တဲ့ မီးလောင်မှုကို မီးသတ်ကားတွေ ငြိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိအထိ မီးကို ထိန်းချုပ်လို့ မရသေးဘဲ မီးသတ်ကား ၁၅ စီးဝန်းကျင်နဲ့ ကယ်ဆယ်ရေးလုပ်သားများစွာ အခင်းဖြစ်နေရာမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ယင်းစက်ရုံဟာ အလုပ်သမား ၂၀၀ ကနေ ၃၀၀ ဝန်းကျင် အလုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်က စက်ရုံအတွင်းမှာ လူဘယ်လောက်များများ ရှိနေခဲ့သလဲဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် စက်ရုံဝန်းကျင်က အဆောက်အအုံ ၁၀ လုံးလောက် ပျက်စီးသွားခဲ့တယ်လို့လည်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: Times of India, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here