ကုလလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့ပြည်တွင်း‌ရေးအား မစွက်ဖက်သင့်ဟု ရုရှားအစိုးရပြော

0
303

ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၆

ကုလလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ကို မလုပ်သင့်ကြောင်း ရုရှားအစိုးရကပြောကြားခဲ့သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကကျင်းပခဲ့သော ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့အရေးနှင့်ပတ်သက်၍ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရပြီး အဆိုပါအစည်းအဝေးအတွင်း တရုတ်နှင့်ရုရှားတို့သည်နစကအစိုးရဘက်မှ ကာကွယ်ပြောဆိုခြင်းများရှိခဲ့ကာ အခြားကုလအဖွဲ့ဝင်နိုင်ငံများနှင့် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်းလည်း ကုလလုံခြုံရေးကောင်စီသံတမန်ရေးအရင်းအမြစ်ကပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာတရုတ်သံတမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့၏ကြိုးပမ်းမှုများကို အချိန်နှင့်နေရာပိုပေးရမည်ဖြစ်သည်ဟုပြောကြားခဲ့ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများထဲတွင်ပါဝင်နေသည့် အီကွေဒေါ၊ပြင်သစ်၊ဂျပန်၊မော်လ်တာ၊ တောင်ကိုရီးယား၊ဆလိုဗေးနီးယား၊ဆွစ်ဇာလန်၊ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က နစကအစိုးရအားဝေဖန်ပြစ်တင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်လည်း တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံကမူ အဆိုပါအစည်းအဝေးအတွင်း မြန်မာနိုင်ငံအတွက်လေယာဉ်ဆီများ ရရှိနေခြင်းကို တားဆီးရပ်တန့်နိုင်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံကလည်း မြန်မာပြည်သူများ၏ ဆန္ဒနှင့်အကျိုးစီးပွားအပြင် တရားဥပဒေစိုးမိုးမှု၊လွတ်လပ်စွာပြောရေးဆိုခွင့်နှင့် လူအခွင့်အရေးကိုလေးစားလိုက်နာခြင်းများအပါအဝင် မြန်မာ့နိုင်ငံရေးပဋိပက္ခတွင်ပါဝင်နေသည့်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုသည့်အချက်များလည်း တိုးတက်မှုမရှိသေးကြောင်း ဝေဖန်ပြောကြားခဲ့သည်။

Source : The Business Standard


LEAVE A REPLY

Please enter your comment!
Please enter your name here