ဖိလစ်ပိုင် မြေပြိုမှု လူ ၅ ဦး ထက်မနည်းသေဆုံးကာ ၃၁ ဦး ဒဏ်ရာရ

0
194

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း တောင်တန်းဒေသတစ်ခုမှာ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့မြေပြိုမှုဖြစ်စဉ်အတွင်း ဘတ်စ်ကားနှစ်စီးနဲ့ နေအိမ်တွေ ရွှံ့မြေတွေအောက်ရောက်သွားခဲ့ရပြီး လူ ၅ ဦးထက်မနည်း သေဆုံးကာ ၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၇) မှာ ပြောဆိုပါတယ်။

အင်္ဂါနေ့ညက မင်ဒါနာအိုပြည်နယ် ဒါဗာအို ဒီအိုရိုပြည်နယ် သတ္ထု့မိုင်းတွင်း ကျေးရွာတစ်ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းတွင်းလုပ်သားတွေကို သယ်ပို့မှုလုပ်ပေးနေတဲ့ ဘတ်စ်ကားနှစ်စီးအတွင်း လူ ၂၀ လောက် ပိတ်မိသွားခဲ့တာဖြစ်တယ်လို့ ပြည်နယ်သဘာဝဘေးဆိုင်ရာ တာဝန်ရှိသူ အက်ဒ်ဝပ် မာကာပီလီက AFP ကို ပြောဆိုခဲ့ပါတယ်။ ဘတ်စ်ကားတွေပေါ်မှာ လူ ၂၈ ဦးခန့်ပါခဲ့တာဖြစ်ပြီး ၈ ဦးကိုတော့ ရွှံ့မြေတွေ သူတို့ပေါ် ပြိုဆင်းမလာခင် ဘတ်စ်ကား ပြတင်းပေါက်တွေကဆင့် ဆွဲထုတ်ကာ ဒဏ်ရာအနာတရမရှိ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မာကာပီလီက ပြောဆိုပါတယ်။

မာဆာရာကျေးရွာမှာ ဖိလစ်ပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Apex က လုပ်ကိုင်နေသော ရွှေမိုင်းတစ်ခုမှ အလုပ်သမားတွေပါဝင်တဲ့ ဘတ်စ်ကားနှစ်စီးဖြစ်တယ်လို့ ဆိုပါတယ်။ ရွှံ့မြေတွေထဲကနေ ရုပ်အလောင်း ငါးလောင်းကို ဆွဲထုတ်ရရှိခဲ့တယ်လို့ မာကာပီလီက ပြောဆိုပေမယ့် သူတို့ဟာ ဘတ်စ်ကားပေါ်ကလူတွေလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆိုပါတယ်။

နောက်ထပ် ရွာသား ၃၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲက နှစ်ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် လေကြောင်းကနေ ဒါဗာအိုမြို့ ဆေးရုံကို ပို့ဆောင်ကုသပေးထားတယ်လို့ မာကာပီလီက ဆက်လက် ပြေဆိုခဲ့ပါတယ်။

မြေပြိုမှုဖြစ်စဉ်မှာ အခြား မိုင်းတွင်းလုပ်သားတွေ ထိခိုက်သက်ရောက်မှု ရှိခဲ့သလားဆိုတာနဲ့ ကျေးရွာသားတွေ ပျောက်ဆုံးမှုရှိသေးသလားဆိုတာကို ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ မာဆာရာကျေးရွာနဲ့ အနီးဝန်းကျင်ရှိ ကျေးရွာ ၄ ရွာမှ မိသားစုတွေကို ၎င်းတို့နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မာကာပီလီက ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here