အပစ်ရပ် အဆိုပြုချက် အကြောင်းပြန်ထားဟု ဟားမတ်စ် ပြော/ သဘောတူညီချက် ရလာနိုင်ခြေရှိဟု ဘလစ်ကင် ဆို

0
165

ဓါးစာခံတွေ ပြန်လွှတ်ပေးရေး ပါဝင်မှာဖြစ်တဲ့ ဂါဇာ အပစ်ရပ်စဲရေး အဆိုပြုချက်ကို အကြောင်းပြန်ကြားချက် ပေးပို့ထားပြီးဖြစ်တယ်လို့ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောဆိုပါတယ်။

အမေရိကန်ကတော့ ဂါဇာအပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ရလာနိုင်တယ်ဆိုတာ ယုံကြည်နေဆဲဖြစ်ကြောင်း ပြောဆိုပါတယ်။

အကြောင်းပြန်ကြားချက် အသေးစိတ်နဲ့ ပတ်သက်လို့ လတ်တလောမှာ မသိနိုင်သေးပေမယ့် အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောဆိုခဲ့မှုအရ ဟားမတ်စ်တို့ရဲ့ ပြန်ကြားချက်ဟာ အလျှော့အတင်းလုပ်လွယ်တဲ့သဘောထားကို ပြသခဲ့ပြီး ဧပြီလအစောပိုင်း အစ္စလာမ် အိဒ်အားလပ်ရက်အပြီး တိကျတဲ့ အပစ်ရပ်စဲရေး အချိန်ဇယားတစ်ခုကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဟားမတ်စ်အဖွဲ့ ထုတ်ပြန်ချက်တစ်မှာတော့ အလုံးစုံ အပစ်အခတ်ရပ်စဲရေး သေချာစေရန်၊ မိမိတို့ ပြည်သူများအပေါ် ရန်လိုမှု အဆုံးသတ်ရန်၊ ကယ်ဆယ်ရေး၊ အမိုးအကာနဲ့ ပြန်လည်တည်ဆောက်ရေး၊ ဂါဇာကမ်းမြောင်အား ဝိုင်းပိတ်ထားမှုကို ရုပ်သိမ်းရေးနဲ့ အကျဉ်းသားလဲလှယ်ရေးတို့အတွက် အပြုသဘောဆောင်သော သဘောထားဖြင့် ပြန်ကြားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့အနေနဲ့ အစ္စရေးမှာရှိနေတဲ့ ပါလက်စတိုင်းအကျဉ်သားတွေကို ဖြစ်နိုင်သမျှ အရေအတွက်အများဆုံး ပြန်လွတ်လာဖို့ရာ ရည်မှန်းတယ်လို့ ဟားမားစ် အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဂါဇီ ဟာမက်က ရိုက်တာကို ပြောဆိုသွားပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပြန်ကြားချက် အသေးစိတ်အချက်အလက်တွေကို စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေက စေ့စေ့စပ်စပ် အကဲဖြတ်သုံးသပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၆ ရက်အနှောင်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသကို ခေါက်တုံ့ခေါက်ပြန် သွားနေရသူဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်က အစ္စရေးနိုင်ငံကို သူရောက်ရှိတဲ့အခါ ဟားမားစ်ရဲ့ ပြန်ကြားချက်အပေါ် အစ္စရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here