ကလေး ၁၉၁ ဦးနှင့် လူပေါင်းရာချီအား သေစေခဲ့သည့် ကင်ညာမှဘာသာရေးခေါင်းဆောင်တစ်ဦးတရားစွဲခံရ

0
373

ကင်ညာနိုင်ငံမှ အစွန်းရောက်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ မက်ကန်းဇီသည် ၎င်း၏နောက်လိုက် ၂၉ ဦးနှင့်အတူ ကလေးငယ် ၁၉၁ ဦးအပါအဝင် လူပေါင်းလေးရာကျော်အား ကောင်းကင်ဘုံသို့ပို့ပေးမည်ဟုဆိုကာ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ပြီး တောအုပ်တစ်ခုအတွင်းမြှုပ်နှံထားမှုဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်းသိရသည်။

ကင်ညာနိုင်ငံကမ်းရိုးတန်းရှိ ရှာကာဟိုလာအမည်ရှိသစ်တောအတွင်း၌ အလောင်း ၄၂၉ လောင်းတွေ့ရှိခဲ့ရပြီး ယင်းရုပ်အလောင်းများအနက် ကလေးငယ် ၁၉၁ ဦး၏ရုပ်အလောင်းလည်း ပါဝင်သည်ဟုဖော်ပြထားသည်။တရားစွဲခံရသူအားလုံးသည် မာလင်ဒီမြို့ရှိတရားရုံး၌မူ ၎င်းတို့အနေဖြင့် ယင်းပြစ်မှုမကျူးလွန်ခဲ့ဟုသာထွက်ဆိုခဲ့ပြီး စွဲဆိုချက်အားလုံးကိုငြင်းဆန်ခဲ့ကြသည်။

အမှုရင်ဆိုင်နေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် တစ်ဦးသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေမကောင်းသဖြင့် အဆိုပါတရားခံအား တစ်လအတွင်း မာလင်ဒီမြို့အထက်တရားရုံး၌ လာရောက်တရားရင်ဆိုင်ရန်ရွှေ့ဆိုင်းအမိန့်ထုတ်ပြန်ခဲ့သည်။

တရားလိုရှေ့နေများ၏ပြောကြားချက်အရ မက်ကန်းဇီးသည် သေဆုံးသူများနှင့်၎င်းတို့၏ကလေးငယ်များအား ကမ္ဘာမပျက်မီ ကောင်းကင်ဘုံသို့ရောက် နိုင်ရန် အစာငတ်ခံေစ ခဲ့သည်ဟုသိရသည်။

မက်ကန်းဇီးသည် မိမိကိုယ်ကိုမိမိ သင်းအုပ်ဆရာတစ်ယောက်ဟု ပြောဆိုခဲ့သော်လည်း ၎င်းသည် တချိန်ကတက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သည်။ ယခုဖြစ်ရပ်ကြောင့် မက်ကန်းဇီးအား တရားရုံးက အကြမ်းဖက်မှု၊လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ကလေးငယ်များအား နှိပ်စက်ညှဉ်းပမ်းမှုနှင့်ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

၂၀၂၃ ခုနှစ်ကတည်းက မက်ကန်းဇီးအားဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း ယခုမှစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ ရင်ခွဲစစ်ဆေးမှုများအရ သေဆုံးသူ ၄၂၉ ဦးအနက် အများစုသည် အစာရေစာပြတ်လပ်မှုကြောင့်သေဆုံးရခြင်းဖြစ်ပြီး ကလေးငယ်များအပါအဝင် အချို့သောသူများမှာမူ လည်ပင်းညှစ်ခံရခြင်း၊ရိုက်နှက်ခံရခြင်းနှင့် အသက်ရှူမွန်းကြပ်၍သေဆုံးခြင်းလက္ခဏာများတွေ့ရှိရသည်ဟုလည်းသိရသည်။

ထိုအဖြစ်အပျက်ကြောင့် အစိုးရအနေဖြင့် ဘာသာရေးဂိုဏ်းအစွယ်အပွားများအား တင်းတင်းကြပ်ကြပ်ထိန်းချုပ်မှုပြုလုပ်ရန်လည်းလိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်ဟုလည်းသိရသည်။

Source : အယ်လ်ဂျာဇီးရား


LEAVE A REPLY

Please enter your comment!
Please enter your name here