ပါကစ္စတန်မှာ ရွေးကောက်ပွဲတစ်ရက်အလို ကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးတွေအနီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂၀ ကျော် သေဆုံး

0
131

ပါကစ္စတန်နိုင်ငံ အနောက် တောင်ပိုင်း ဘာလူချစ္စတန်ပြည်နယ်မှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရဲ့ ရုံးတွေအနီး ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တာကြောင့် လူ ၂၆ ဦး သေဆုံးကာ ဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ဖေဖော်ဝါရီ ၇ ရက်မှာ ပြောဆိုပါတယ်။ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလို အဆိုပါပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုတွေ မြင့်တက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး လက်ရှိမှာ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်ရဲ့ ဖြစ်စဉ်နဲ့ မကြာခင်လတွေအတွင်းက စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အခြေအနေအတွင်း ဖေဖော်ဝါရီ ၈ ရက်မှာ ပါကစ္စတန်နိုင်ငံသားတွေ မဲပေးကြရမှာဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ မဲရုံတွေမှာ သူတို့ လုံခြုံရေး တိုးမြှင့်ချထားကြောင်း ပြောဆိုပါတယ်။

ပထမဆုံး ဗုံးခွဲတိုက်ခိုက်မှုဟာ ပီရှင်းခရိုင်က တစ်သီးပုဂ္ဂလ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးရဲ့ ရုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းမှာ လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယပေါက်ကွဲမှုကတော့ အာဖဂန်နယ်စပ်အနီးက Qilla Saifullah မြို့ရှိ ဘာသာရေးပါတီတစ်ခုဖြစ်တဲ့ Jamiat Ulema ရုံးအနီးမှာ ဖြစ်ပွားခဲ့တာလို့ ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ပြောဆိုပါတယ်။ ယင်းပါတီဟာ ယခင်ကလည်း စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။

ရပ်ထားတဲ့မော်တော်ဆိုင်ကယ် ကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူ ၁၂ ဦး နဲ့ ဒဏ်ရာရသူ ၂၅ ဦးရှိခဲ့တယ်လို့ Qilla Saifullah ရဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး မစ္စတာ ယာဆာဘာဇိုင်းက ပြောဆိုခဲ့ပါတယ်။

ယခု ဗုံးခွဲတိုက်ခိုက်မှုတွေ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်သလဲဆိုတာ လတ်တလောမှာ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။ ပါကစ္စတန်တာလီဘန် စစ်သွေးကြွအဖွဲ့(TTP) နဲ့ ဘာလူချစ္စတန်ခွဲထွက်ရေးအုပ်စု အပါအဝင် စစ်သွေးကြွစု အများအပြားဟာ မကြာခင်လတွေအတွင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ထားကြကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here