ပြီးခဲ့သည့် နှစ်ကထက် ပို့ကုန်ရငွေများ ပိုမိုဝင်ရောက်ခဲ့ဟု ပို့ဆောင်ရေးဝန်ကြီး ပြော

0
133

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီများမှ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်လာစေရန် အလေးထားကြပ်မတ်ဆောင် ရွက်ခဲ့မှုကြောင့် ယခင်နှစ် အလားတူကာလထက် ပို့ကုန်ရငွေများ ပိုမိုဝင်ရောက်ခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ (၇) ရက်က ကျင်းပသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိပြီး အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ ၅၀/၅၀ ရာခိုင်နှုန်းအစား ၃၅/၆၅ ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရာသီချိ န်ကာလ (၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်မှ ၂၀၂၄ ခုနှစ် မတ် (၃၁)ရက်အထိ ရော်ဘာတင်ပို့မှုမှ ရရှိသော ပို့ကုန်ရငွေဖြင့် ဓာတ် မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ထို့အပြင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း / ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပို့ကုန်ရငွေဖြေလျှော့ပေးပြီးနောက်ပိုင်း ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် ယွမ်ငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here