ရက်ပေါင်း (၅၀) ကျော်ကြာ အပူဇော်ခံထားရှိမည့်နှစ်ဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နစက ဥက္ကဋ္ဌနှင့် ဇနီး သွားရောက်ကန်​တော့

0
195

ယနေ့ ဖေဖေါ်ဝါရီလ (၈) ရက် နံနက် အစောပိုင်းက ဘဝနတ်ထံ ပျံတော်မူခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၊  နိုင်ငံတော်ဩဝါဒါ စရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ ဥတုဇရုပ်ကလပ်တော်အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့မှ သွားရောက်ဂါရဝပြု ကန်​တော့ခဲ့သည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင် ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ် မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိ ဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး၊ ရပ်ဝေးမှ လာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် အများပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့်စားသောက်ရေးတို့တွင် အဆင် ပြေချောမွေ့မှု ရှိစေရေးအတွက် နစက ဥက္ကဋ္ဌက တာဝန်ရှိသူများကို မှာကြားခဲ့သည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက ဆရာတော်ကြီး ကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင် တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်း လပြည့် နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီကို ဥပဇ္ဈယ်ပြု၍ ရှင်သာမ ဏေအဖြစ်သို့လည်းကောင်း၊ ၁၃၀၀ ပြည့်နှစ်၊ ကဆုန်လဆန်း (၁၃) ရက်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်း ကောင်း အသီးသီးရောက်ရှိတော်မူခဲ့ကြောင်း သိရသည်။

ဆရာတော် ဘုရားကြီးသည် သက်တော် (၁၀) နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာ မူလတန်းပညာသင်ယူတော်မူခဲ့ပြီး ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်းဘာသာဖြင့် မူလဓမ္မာစရိယ တန်းအောင်မြင်သည်အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိ ယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင်တော်မူခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်ခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ (၄) ခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်း သား ရဟန်း၊ သာမဏေများအား အစိုးရပါဠိ ပထမပြန်မူ အတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းများကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် (၅၀) တိုင် ကျင်းပပေးခဲ့ကြောင်း သိရသည်။

၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ်ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအားကျောက်စာ ချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုး ကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး တာချီလိတ်မြို့အတွင်းရှိ အခြေခံပညာအဆောက် အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုအဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်းများ စသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့ကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှလည်း ဘွဲ့တံ ဆိပ်တော်များကို ဆက်ကပ်ခဲ့သည်။

ဆရာတော်ကြီးသည် ပျံတော်မူချိန်တွင် သက်တော် (၉၆)နှစ် ၊ ဝါတော် ၇၇ ဝါရှိပြီဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်အား ရက်ပေါင်း (၅၀) ကျော်ကြာ အပူဇော်ခံထားရှိပြီး အန္တိမအဂ္ဂိဈာပနကို၂၀၂၄ ခုနှစ် ဧပြီလ (၆) ရက်တွင် ကျ င်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here