ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို နည်းပြချုပ်အဖြစ် စာချုပ်ချုပ်ဆိုလိုက်သည့် ရန်ကုန်ယူနိုက်တက်

0
140

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက်ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်ဘောလုံး အသင်းသည် ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို 2024-2025 ဘောလုံးရာသီအတွက်နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဖရန့်ဘန်ဟတ်သည် နည်းပြချုပ်နှင့် နည်းစနစ်ဒါရိုက်တာအဖြစ် အက်စတိုနီးယားဘောလုံးအဖွဲ့ချုပ်၊ အဇာဘိုင်ဂျန်ဘောလုံး အဖွဲ့ချုပ် နှင့် မလေးရှားဘောလုံးအဖွဲ့ချုပ်တို့တွင်တာဝန်ယူဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင် ရီးရဲမက်ဒရစ်အသင်းအတွက် လူငယ်ရှာဖွေရေးတွင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး မလေးရှားစူပါလိဂ်ကလပ် ကဲလန်တန်အသင်းကို တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်ဟု သိရသည်။

အတွေ့အကြုံကောင်းများစွာပိုင်ဆိုင်ထားသည့် ဂျာမာန်နည်းပြ ဖရန့်ဘန်ဟတ် သည် နည်းပြ လမ်းကြောင်းကို လူငယ်လက်ရွေးစင်အသင်းများတွင် နည်းပြချုပ်အဖြစ်စတင်ဆောင်ရွက်ခဲ့ပြီး မလေးရှားယူ-၂၃ အသင်းတွင်လည်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကစားသမားဘဝတွင်လည်း ဘွန်ဒက်စ်လီဂါအသင်း Werder Bremen နှင့် Holstein Kiel အသင်းတို့တွင်ခြေစွမ်းပြပါဝင်ခဲ့သည့်သူဖြစ်ကြောင်း သိရသည်။

“သမိုင်းကြောင်းကြီးမားတဲ့ရန်ကုန်ယူနိုက်တက်အသင်းကို တာဝန်ယူရတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်။ အသင်းရလဒ်ကောင်းတွေရဖို့အတွက် ကျွန်တော်နည်းပြအဖွဲ့ဝင်တွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေအတူတကွပူးပေါင်းလုပ်ဆောင်ကြပါမယ်။ ရှုံးထွက်နဲ့လိဂ်ချန်ပီယံဖြစ်ဖို့က ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုအသုံးပြုပြီး သေချာလေးလုပ်ဆောင်သွားဖို့လိုပါတယ်။ တစ်ပွဲချင်းစီကို သေချာအာရုံစိုက်ပြီးလုပ်ဆောင်သွားမယ့်အပြင် ရင်ဆိုင်ရမယ့်အသင်းတိုင်းကိုလည်း လျော့မတွက်ဘဲယှဉ်ပြိုင်သွားပါမယ်။ အသင်းရည်မှန်းချက်ကိုရဖို့အတွက် အားလုံးနဲ့အတူတကွ သေချာပြင်ဆင်လုပ်ဆောင်သွားပါမယ် ” ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဖရန့်ဘန်ဟတ် က ပြောသည်။

နည်းပြချုပ်ဖရန့်ဘန်ဟတ် သည် လာမည့်အပတ်အတွင်း အသင်းနှင့်ပူးပေါင်းသွားမည်ဖြစ်ပြီး လက်ရှိ လေ့ကျင့်ရေးအစီစဉ်များကို လက်ထောက်နည်းပြများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here