ဖိလစ်ပိုင်မှာ မြေပြိုမှုဖြစ်အပြီး နာရီ ၆၀ နီးပါးအကြာမှာ မိန်းကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

0
140

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက ရွှေသတ္ထု့မိုင်း ကျေးရွာတစ်ရွာမှာ မြေပြိုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် နာရီ ၆၀ နီးပါးအကြာ သောကြာနေ့မှာ မိန်းကလေးကယ်တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ရှာတွေ့နိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ လက်လျှော့လိုက်အပြီးမှာ အခုလို ကယ်တင်လိုက်နိုင်တာမို့ အံသြထူးခြားဖြစ်ရပ်တစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုနေကြပါတယ်။

မာဆာရာကျေးရွာမှာ မိုးသည်းထန်မှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာမှာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကာ ၁၀၀ ကျော် ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ယင်း ပျောက်ဆုံးနေသူတွေထဲမှာ အသက်အရွယ် ဖော်ပြခြင်းမပြုတဲ့ အဆိုပါ မိန်းကလေးလည်း ပါဝင်ခဲ့ပါတယ်။

မင်ဒါနာအိုကျွန်းတောင်ပိုင်းရှိ အခင်းဖြစ် ကျေးရွာမှာ အသက်ရှင်ကျန်ဖွယ်ရှိသူတွေကို ကယ်ဆယ်ရေးသမားတွေက ပေါက်တူးတွေ၊ လက်ဗလာ တူးယက်ရှာဖွေမှုတွေလုပ်ခဲ့ကြစဉ် သူမကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒါဗာအို ဒီအိုရိုပြည်နယ်မှ သဘာဝဘေးအေဂျင်စီအရာရှိတစ်ဦးဖြစ်သူ အပ်ဒ်ဝပ် မာကာပီလီက AFP ကို ပြောဆိုခဲ့ပါတယ်။

“အံ့ဖွယ်ဖြစ်ရပ်တစ်ခုပါ” လို့ မစ္စတာ အက်ဒ်ဝပ် မာကာပီလီက ဆိုခဲ့ပြီး ပျောက်ဆုံးနေသူတွေ သေဆုံးခဲ့ကြပြီလို့ ရှာဖွေကယ်ဆယ်ရေးသမားတွေက ယုံကြည်ထားတာဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

များသောအားဖြင့် လူကြီးတွေလောက် ခံနိုင်ရည်မရှိတဲ့ ကလေးတစ်ဦးက အသက်ရှင်လွတ်မြောက်ခဲ့တယ်ဆိုတာကြောင့် ဒီဖြစ်စဉ်ဟာ ကယ်ဆယ်ရေးသမားတွေကို မျှော်လင့်ချက်ပေးခဲ့ပါတယ်လို့လည်း သူက ဆိုပါတယ်။

ရွှံ့မြေတွေ လူးကျံကာ ငိုကြွေးနေတဲ့ ကလေးကို ကယ်ဆယ်ရေးသမားတစ်ဦးက လက်နဲ့ပွေ့ချီသယ်လာတဲ့ ဗီဒီယိုကို ဖေ့ဘုတ်မှာ မျှဝေထားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေအရ ကလေးမှာ ထင်သာမြင်သာ ပြင်ပဒဏ်ရာအနာတရ မရှိခဲ့တာကို တွေ့ကြရပြီး ကလေးကို ဆေးရုံသို့ ခေါ်မသွားမီ ဖခင်ဖြစ်သူလည်း တွေ့မြင်ကြည့်ရှု့ခွင့်ရခဲ့တယ်လို့ မစ္စတာ မာကာပီလီက ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က မြေပြိုမှုဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေအိမ်တွေနဲ့ ရွှေမိုင်းတစ်ခုမှ အလုပ်သမားတွေကို လာခေါ်ဖို့ စောင့်နေတဲ့ ဘတ်စ်ကား သုံးစီးနဲ့ ဂျစ်ကားတစ်စီးတို့ ရွှံ့မြေတွေအောက် မြုပ်သွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်း လူ ၁၅ ဦး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရခဲ့ပြီး လူ ၁၀၀ ကျော်လောက် ပျောက်ဆုံးလျက်ရှိနေသေးတယ်လို့ တရားဝင် စာရင်းဇယားတွေအရ သိရပါတယ်။

Ref:The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here