စီးပွားရေးဦးတည်ချက်များနှင့်အညီ အလေးထားလုပ်ဆောင်ရွက်နေသည့် တနင်္သာရီ ပို့ကုန်များ

0
111

တနင်္သာရီတိုင်း ဒေသကြီးတွင် ရော်ဘာကို အဆင့်မြှင့်တင်တင်ပို့ခြင်းနှင့် သတ္တုတင်ပို့ခြင်းများကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ အလေးထားဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၏ ပြောကြားချက်အရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဖေဖော်ဝါရီ (၉) ရက်နံနက်ပိုင်းတွင် မြိတ်မြို့ နယ်စပ်ကုန်သည်များ အသင်းရုံး၌ ဌာနဆိုင်ရာများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်များ တင်ပို့ရာတွင် ယခုဒေသသည် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့သည့် ဒေသဖြစ်ခြင်းကြောင့် ပင်လယ်မှ ဖမ်းဆီးရမှုအပြင် မွေးမြူထားသော ရေထွက်ကုန်များကိုပါ ကုန်ကြမ်းအပြင် ကုန်ချောထုတ်လုပ်တင်ပို့သကဲ့သို့ တနင်္သာရီ တိုင်းဒေသကြီးတွင် အဓိက စိုက်ပျိုးသော ရော်ဘာကို လည်း အဆင့်မြှင့်တင်၍ တင်ပို့ခြင်း၊ သတ္တုတင်ပို့ခြင်းများကိုလည်း နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီးဧရိယာမှာ (၁၉၃၂၇၅) ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉) ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်နှုန်းမှာ (၄၃၈၃၄) မက်ထ ရစ်တန် ရှိကြောင်း သိရသည်။

ထို့အပြင် ရေထွက်ကုန်ဖြစ်သည့် ပြည်ပဈေးကွက်ဝင် ပနားမီပုစွန်ဖြူများကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခ ရိုင်၊ မြိတ်ခရိုင်နှင့် ထားဝယ် ခရိုင်တို့ရှိ ရေငန်ပုစွန်မွေးမြူ ရေးကန်များတွင် စနစ်တကျမွေးမြူထုတ်လုပ်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။

ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းထွက် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ကောင်းစွာယှဉ် ပြိုင်နိုင်ရန် စံချိန်စံညွှန်းမီ၊ အရည်အသွေးမီကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။

ထို့အပြင် ဒေသထွက်ရေထွက်ကုန်များကို ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်တင်ပို့မှုတို့အတွက် အထောက်အကူဖြစ်စေရေး ဒေသရှိအသင်းအဖွဲ့များနှင့် ဈေးကွက်ရှိရာဒေသအလိုက် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ ပို့ကုန်ထုတ်လုပ်သည့် စက်ရုံများအားလုံး ကောင်းစွာလည်ပတ်နိုင်ရေး ကြိုး ပမ်းကြရန်၊ စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းဆောင်ရည်တိုးမြှင့်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ချိတ်ဆက်ဆောင် ရွက်ရန်နှင့် အကြံပြုချက်များကို ဆွေးနွေးပေးကြရန်လည်း ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here