ဇရပ်ကြီးမြို့ တိုက်ပွဲကြောင့် ပိတ်မိနေသူဒေသခံ (၄၀၀)ခန့် ထန်းတပင်မြို့တွင်ခိုလှုံနေရ

0
116

ဇရပ်ကြီးမြို့အတွင်း တိုက်ပွဲကြောင့် ပိတ်မိနေသော ဒေသခံပြည်သူ (၄၀၀)ခန့်အား ယမန်နေ့ ဖေဖော်ဝါရီ (၉)ရက်က လူမှုကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးများဆောင်ရွက်​ပေးခဲ့ပြီး လက်ရှိတွင် ထန်းတပင်မြို့၌ ခိုလှုံနေကြကြောင်း သိရသည်။

ဒေသခံ စစ်ရှောင်ပြည်သူများအား လုံခြုံရေးအရ တောင်ငူမြို့အတွင်း ခိုလှုံခွင့်မပြုခြင်းကြောင့် ထန်းတပင်မြို့ရှိ ဘုန်း ကြီးကျောင်းအချို့တွင်သာ ခိုလှုံနေကြရခြင်း ဖြစ်သည်။

“မနေ့က ကယ်ထုတ်ခဲ့တာ လူ(၄၀၀) လောက်ပါလာခဲ့ပါတယ်။ တောင်ငူဘက်ကိုပေးမဖြတ်တော့တာကြောင့် ထန်းတပင်က ဘုန်းကြီးကျောင်းတွေမှာပဲ ခိုလှုံနေရပါတယ်။ ဇရပ်ကြီးမှာတော့ လူ (၁၀၀)နီးပါးလောက် ကျန်ဦးမယ်လို့ ထင်တယ်။ ဇရပ်ကြီးတစ်မြို့လုံးမှာ နေထိုင်သူက (၄,၀၀၀)ကျော်လောက်တော့ရှိမှာ‌ ပေါ့။”ဟု ‌စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ရှင်းပြသည်။

ယခု ဖေဖော်ဝါရီလ (၇)ရက်က ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ဇရပ်ကြီးဒေသခံ ပြည်သူ (၃၅၀၀)ခန့်မှာ တောင်ငူမြို့ရှိ စစ်ရှောင်စခန်းများတွင် ကနဦး ခိုလှုံနေကြရပြီး၊ တိုက်ပွဲအကြားပိတ်မိနေသူ (၄၀၀) ဦးခန့် မှာ ထန်းတပင်မြို့တွင်ခိုလှုံနေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် ဇရပ်ကြီးမြို့တိူက်ပွဲမှာ ပြန်လည်ငြိမ်သက် နေသည်ဟု ဆိုရမည်ဖြစ်ပြီး တပ်မတော်ဖက်မှ လုံခြုံရေးကို အထူးတင်းကြပ်ထားကြောင်း သိရသည်။

တောင်ငူမြို့သို့ ရောက်ရှိနေသော ဇရပ်ကြီး စစ်ရှောင်ပြည်သူများအနေဖြင့် နဂါးရုံ၊ ရွှေဆံတော်နှင့် အောင်ဇဗ္ဗူ အစရှိသည့်ဘုန်းကြီး ကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တောင်ငူခရိုင်၊ နဂါးမောက်ကျေးရွာတိုက်ပွဲကြောင့် လက်ရှိအချိန်အထိ စစ်ရှောင်ပြည်သူ (၁၃၀၀)ကျော် စစ်ရှောင်‌နေကြရပြီး လက်ရှိတွင် တောင်ငူသို့ ရောက်ရှိနေသည့် စစ်ရှောင်အရေအတွက် စုစုပေါင်း (၅,၀၀၀) ကျော်ခန့် ခိုလှုံနေကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here