ဂါဇာစီးတီးရှိ ကုလဋ္ဌာနချုပ် မြေအောက်မှာ ဥမင်လှိုဏ်ခေါင်းတွေ အစ္စရေး ရှာဖွေတွေ့ရှိ

0
201

ဂါဇာစီးတီးရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီဋ္ဌာနချုပ် UNRWA ရဲ့ မြေအောက်မှာ ဥမင်လှိုဏ်ခေါင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပြီး ဒီနေရာကို ဟားမတ်စ် စစ်သွေးကြွတွေက လျှပ်စစ်ဓါတ်အားပို့လွှတ်ခန်းအဖြစ် အသုံးပြုတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဥမင်တွေကို ရှာဖွေဖော်ထုတ်လိုက်ခြင်းဟာ ဟားမတ်စ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ စွပ်စွဲခံနေရတဲ့ အေဂျင်စီအတွက် အစ္စရေးရဲ့ နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်စေပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဟားမတ်စ် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့မှုမှာ UNRWA ဝန်ထမ်းတွေလည်း ပါဝင်ခဲ့တယ်ဆိုတဲ့ မကြာသေးခင်က အစ္စရေးရဲ့ ထုတ်ဖော်စွပ်စွဲချက်ကြောင့် အဓိက အလှူရှင်နိုင်ငံတွေရဲ့ ရန်ပုံငွေ ထည့်ဝင်မှုတွေ ရပ်ဆိုင်းခံရမှုနဲ့အတူ အေဂျင်စီဟာ ဘဏ္ဍာရေးအကျပ်အတည်းအတွင်း ကျရောက်ခဲ့ပါတယ်။ အေဂျင်စီအတွင်း ယင်းကိစ္စအတွက် စုံစမ်းစစ်ဆေးမှုနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ယင်း ကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက ၎င်းတို့ရဲ့ ဘဏ်အကောင့်ကို ပိတ်သိမ်းထားသလို အကူအညီပေးရေးပစ္စည်းတင်ပို့မှုတွေကို ပိတ်ပင်ထားကာ အခွန်သက်သာခွင့်ကိုလည်း ပယ်ဖျက်ခဲ့တယ်လို့ အေဂျင်စီက ပြောဆိုပါတယ်။

ယခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဥမင်တွေကို ကြည့်ရှုနိုင်ဖို့အတွက် ကြာသပတေးနေ့မှာ သတင်းသမားတွေကို အစ္စရေးစစ်တပ်က ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

UNRWA ဋ္ဌာနချုပ် မြေအောက်က ဥမင်တွေကို ဟားမတ်စစ်သွေးကြွတွေက စီမံလုပ်ဆောင်နေတယ်ဆိုတာ အတိအကျ သက်သေမရှိပေမယ့် အနည်းဆုံးတော့ ဋ္ဌာနချုပ်ဝန်းအတွင်း မြေအောက်မှာ ဥမင်အစိတ်အပိုင်းတစ်ချို့ ဖောက်လုပ်ထားတယ်ဆိုတာကို ပြသနေပါတယ်။ ယင်း ဥမင်တွေကို UNRWA ဌာနချုပ်က လျှပ်စစ်ဓါတ်အား ပေးထားတာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က အခိုင်အမာ ပြောဆိုပါတယ်။

အေဂျင်စီအနေနဲ့ အဆောက် အဦရဲ့ မြေအောက်နဲ့ ပတ်သက်ပြီး မသိရှိရကြောင်း UNRWA ကော်မရှင်နာချုပ် ဖိလစ် လာဇာရီနီက ပြောဆိုပါတယ်။ သို့ပေမယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဆောင်သင့်တယ်လို့ သူက ဆိုခဲ့ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here