မူဆယ်နယ်စပ် ပို့ကုန်တင်ပို့မှု ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၃၂၀ ကျော် လျော့ကျ

0
194

မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးကို ၉၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်နယ်စပ်၏ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၃၂၀ ကျော် လျော့ကျနေကြောင်း စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွ ယ်မှုစာရင်းများအရ သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ (၂၇) ရက်က စတင်ခဲ့သည့်ရှမ်းပြည်နယ် မြောက်ပိုင်း‌ဒေသတွင် ဖြစ်ပေါ်နေသည့် နယ်မြေမတည်ငြိမ်မှုများကြောင့် မူဆယ်နယ်စပ် ကုန်သွယ်မှုရပ်တန့်သွားခဲ့ရခြင်းလည်း ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တိုက်ပွဲများကြောင့် လားရှိုး – မူဆယ်၊ လားရှိုး – ချင်းရွှေဟော် စသည့်အဓိက ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုကို ပိတ်လိုက်ရသည့်အတွက် လက်ရှိ အချိန်ထိ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်မှုများအားလုံးနီးပါး ရပ်နားထားရပြီး အနည်းငယ်သာ လမ်းကြောင်းသစ်များ ရှာဖွေပို့ဆောင်နေရသည့် အခြေအနေဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ ကုန်သွယ်ရေးစာရင်းများအရ ယခုဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဖေဖော်ဝါရီ (၂) ရက်အထိ ဆယ်လကျော်အတွင်း မူဆယ်နယ်စပ်မှ ပို့ကုန် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၄ ဘီလီယံကျော်ဖိုး တင်ပို့ထားပြီး သွင်းကုန်ကို ဒေါ်လာ သန်း ၄၀၀ ကျော်တင်သွင်းထားကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်း‌များအနက် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက်အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် လျော့ကျခဲ့သော်လည်း ချင်းရွှေဟော်၊ ကံပိုက်တည်နှင့်  ကျိုင်းတုံ နယ်စပ်စခန်းများမှ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ထက် အနည်းငယ်ဆီ မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာဘက်မှ တရုတ်နိုင်ငံသို့ နယ်စပ်မှတဆင့် တင်ပို့သည့် အဓိက ကုန်ပစ္စည်း‌များတွင် ဆန်၊ ပြောင်း၊ ပဲအမျိုးမျိုးအပြ င် သစ်သီးဝလံ နှင့် ဂဏန်း၊ ငါးရှဉ့်ရေထွက်ကုန်များလည်းပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here