ပဲစဉ်းငုံ လှိုင်လှိုင်ပေါ်‌ပြီး ဈေးကောင်းနေသည့်အတွက် ပဲစိုက်တောင်သူများတွက်ခြေကိုက်

0
145

ပဲစဉ်းငုံသီးနှံ လှိုင်လှိုင်ပေါ်နေပြီဖြစ်ကာ ဈေးကောင်းရနေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှ ပဲစဥ်းငုံစိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ငါးယှန်၊ နတ်ရေကန်၊ သန်းပင်ကန်၊ ဘလွေ၊ ကျောက်ဆစ်ကန်၊ ဘူတာ၊ နွယ်ခွေ၊ တမာမြိုင်၊ မြို့သစ်စသည့် ကျေးရွာများတွင် ပဲစဉ်းငုံ စိုက်ပျိုးလျက်ရှိရာ ပိုးမွှားကင်းကာ အထွက်နှုန်းကောင်းကြပြီး စျေးကောင်းလည်း ရရှိနေကြောင်း သိရသည်။

ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး ဒေသနှင့်သင့်လျော်သည့် မုံရွာရွှေဒင်္ဂါးမျိုး ပဲစဥ်းငုံသီးနှံကို တောင်သူအများစုစိုက်ပျိုးထားကြပြီး တဧက ၁၇ တင်းခွဲဝန်းကျင် ထွက်ရှိကာ သီးနှံပေါ်ခါစက တစ်တင်းလျှင်ကျပ် တစ်သိန်းခွဲခန့်စျေးရရာမှ ယခုအချိန်တွင် တစ်သိန်းသုံးသောင်းခန့် စျေးရရှိသည့်အတွက် တစ်ဧကလျှင် ကျပ် ၁၀ သိန်းဝန်းကျင် အမြတ်ရရှိကြကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

“ချောင်းဦးမြို့နယ်မှာ အခုနှစ် ပဲစဉ်းငုံ သီးနှံကို ဧက ၂ သောင်းကျော်စိုက်ပါတယ်။ အခုအချိန်မှာ သီးနှံများလှိုင်လှိုင်ပေါ်နေပါပြီ။ တောင်သူတွေ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်း ရကြပါတယ်”ဟု ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောသည်။

ပဲစဉ်းငုံစိုက်ပျိုးသည့် တောင်သူများအား ရွက်ဖြန်းမြေသြဇာ ဝယ်ယူမှု သက်သာလျော့ချနိုင်စေရန် ယူရီးယားနှင့်လက်ချား ပေါင်းစပ်သုံးစွဲသည့် နည်းပညာများကိုလည်း ချောင်းဦးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

“ရေတစ်ဂါလံကို လက်ချား ဟင်းစားဇွန်း ၁ ဇွန်း၊ ယူရီးယား ဟင်းစားဇွန်း ၄ဇွန်းခွဲ ထည့်သွင်းအသုံးပြုရပြီး သီးနှံကာလအတွင်း အဖူးဖူးချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ သီးကင်းဝင်ချိန် ၃ ကြိမ် ပက်ဖြန်းပေးဖို့ လိုပါတယ်။ အသီးတင်မှုအားကောင်းပြီး အထွက်နှုန်း တဧက အထွက်နှုန်းထက် ၅ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းအထိ အထွက်နှုန်း ပိုလာပါတယ် ” ဟု ငါးယှန်ကျေးရွာနေပဲစဥ်းငုံ တောင်သူ ဦးမောင်မြင့်ကပြောသည်။

ယခုနှစ်တွင် ပြည်ပပို့ကုန်ဖြစ်သည့် မတ်ပဲနှင့် ပဲတီစိမ်းအပါအဝင် ပဲစဉ်းငံနှင့် အခြားပဲမျိုးစုံ ဈေးနှုန်းများပါ မြင့်တက်လာပြီး ဝယ်လိုအားလည်းကောင်းလာသည့်အတွက် ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြပြီး ပဲဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေရှိကြောင်း ပဲကုန်သည်များက ခန့်မှန်းထားကြသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here